ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးနေတဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဗီလာအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာဖို့ သတင်းကြီးခဲ့သူ ဖြစ်ပေမယ့် ဒီဘရိုင်း တယောက် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရချိန်မှာ ပွဲထွက်ခွင့်တွေ တောက်လျှောက် ရခဲ့ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: 90 Mins

ဘာနာဒို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၉ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားကွက်ကို ပုံဖော်ရတဲ့ အခရာ ကစားသမား အဖြစ် ကစားနေရပါတယ်။

ဒါကြောင့်ပဲ ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာက ဘာနာဒို ဆေးလ်ဗားဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

Photo Credit: 90 Mins

ဂွာဒီယိုလာက – “ ဘာနာဒို ဆေးလ်ဗားက လွန်ခဲ့တဲ့ ၂နှစ် ၊ ၃နှစ်ထဲက အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ အခုချိန်မှာတော့ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေပါပြီ။ ခင်ဗျားတို့က ကျွန်တော်တို့ ၉၈မှတ် အထိ ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့နှစ်က ပွဲစဉ်တွေကို ပြန်ကြည့်မယ် ဆိုရင် သူဟာ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ သိနိုင်ပါတယ်။ သူက သူ လုပ်ချင်တာတွေကို အကောင်အထည် ဖော်နိုင်တဲ့ စွမ်းရည် တခုကို ပိုင်ဆိုင်ထားပါတယ်။ ဒီနေ့ပွဲမှာ ဆိုရင် သူက ကောင်းမွန်တဲ့ ဂိုးသမား တဦးကို ကျော်ဖြတ်ပြီး အလှပဆုံး သွင်းဂိုး တဂိုးကို သွင်းယူနိုင်ခဲ့တာပါ” လို့ ချီးကျူးသွားခဲ့တာပါ။