ယနေ့မနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခု ထွက်ခဲ့တာကို အားလုံးလည်း သိရှိကြမှာပါ။ ဆောက်သမ်တန်အသင်းဟာ အိမ်ကွင်းဖြစ်တဲ့ စိန့်မေရီမှာ မန်စီးတီးအသင်း ကို လက်ခံကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲကို တစ်ဖက်သတ်နီးပါး ကြီးစိုးသွားခဲ့ဟာ မန်စီးတီးအသင်း ဖြစ်ပေမယ့် ဆောက်သမ်တန်း ဂိုးသမား မက်ကာသီရဲ့ လက်စွမ်းပြမှု ၊ မန်စီးတီး ကစားသမားတွေရဲ့ ဂိုးကံခေမှုတွေကြောင့် ဆောက်သမ်တန်အသင်း ဟာ ပွဲချိန် ၁၆မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အဒမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Evening Standard

အဆိုပါ ရှုံးပွဲကြောင့် ဂွာဒီယိုလာ ကိုင်တွယ်တဲ့ မန်စီးတီးအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ လိဂ်ရှုံးပွဲ ကိုးပွဲအထိ ရှိလာခဲ့ပြီး ဂွာဒီယိုလာရဲ့ နည်းပြဘဝမှာ ရှုံးပွဲအများဆုံး ကြုံတွေ့ရတဲ့ ရာသီတစ်ခုအဖြစ် မှတ်တမ်း ဝင်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ယခုရာသီမှာ ကြုံတွေ့နေရတဲ့ လိဂ်ရှုံးပွဲ ပမာဏဟာ ဂွာဒီယိုလာအနေနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းကို သုံးရာသီ ကိုင်တွယ်စဉ်မှာ ရရှိခဲ့တဲ့ လိဂ်ရှုံးပွဲ ပမာဏနဲ့ တူညီနေတယ်လို့ Squawka သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဆောက်သမ်တန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အဆိုပါပွဲစဉ်​ကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် သုံးပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ စံချိန်မှတ်တမ်းဆိုး တစ်ခုကိုလည်း ရရှိခဲ့ပါသေးတယ်။

Photo Credit: Evening Standard

မန်စီးတီးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် သုံးပွဲမှာ မန်ယူ ၊ ချယ်လ်ဆီး ၊ ဆောက်သမ်တန်စတဲ့ အသင်းသုံးသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး သုံးပွဲစလုံး အရေး နိမ့်ခဲ့သလို သွင်းဂိုး ၁ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ကာ ၅ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ ယခုလို အဝေးကွင်း သုံးပွဲဆက် အရေးနိမ့်ခဲ့ရမှုဟာ ဂွာဒီယိုလာရဲ့ နည်းပြဘဝမှာ ပထမဦးဆုံး အကြိမ် ဖြစ်ကြောင်းလည်း မှတ်တမ်းမှတ်ရာတွေအရ သိရှိထားရပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်း ဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲမှာ ဂိုးပေါက် ကန်သွင်းမှု ၂၆ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုး တစ်ဂိုးကိုမှ ရရှိခဲ့ခြင်း မရှိတာဟာ ၂၀၁၆ မတ်လနောက်ပိုင်း မန်စီးတီးအသင်းရဲ့ အဆိုးရွားဆုံး အဆုံးသတ်မှုအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။