မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖဖြစ်သူ ပပ်ဂွာဒီယိုလာ ကတော့ အာဆင်နယ် အသင်းအနေနဲ့ သူ့ရဲ့ လက်ထောက် နည်းပြဟောင်း တစ်ဦးဖြစ်သူ၊ ယခု လက်ရှိ အာဆင်နယ် နည်းပြ အာတီတာ ကို ထုတ်ပယ်ခဲ့ရင် အဲ့ဒါက အမှားကြီး တစ်ခုကို ကျုးလွန်မိသလို ဖြစ်လိမ့်မယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ မနေ့ညက အမ်းမရိတ်ကွင်းထဲမှာ မန်ချက်စတာစီးတီး အသင်းကို ကာရာဘောင် ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လက်ခံကစားခဲ့ပြီး ၁ ဂိုး- ၄ ဂိုး ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ပြီး နောက်မှာတော့ နည်းပြ အာတီတာ အပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေဟာ အတော်လေးကို များပြားလာခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၁၄ ပွဲကစားအပြီး အဆင့် ၁၅ နေရာမှာ ရောက်ရှိနေခဲ့ရသလို နောက်ဆုံး ကစားထားခဲ့တဲ့ ၁၀ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်ထားပြီးတော့ တန်ဆင်းဇုန် နဲ့လည်း ၄ မှတ်သာ ကွာတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ် အသင်းအနေနဲ့ အခုလို ရလဒ်ဆိုးတွေ ကြုံတွေ့နေရပေမယ့် ဂွာဒီယိုလာ ကတော့ အာတီတာ ကို မထုတ်ပယ်သင့်ကြောင်း ပွဲအပြီး အင်တာဗျုးမှာ ပြောဆိုသွားခဲ့ပါတယ်။ “ သူတို့သာ အာတီတာ ကို ထုတ်ခဲ့ရင် အတော်လေးကို ကြီးမားတဲ့ အမှား တစ်ခုကို ကျုးလွန်မိသလို ဖြစ်ပါလိမ့်မယ်။ သူတို့ အာတီတာကို ယုံကြည်လိမ့်မယ်လို့လည်း ကျွန်တော် သေချာပြောရဲပါတယ်။ ဘောလုံးဆိုင်ရာ လေ့လာသုံးသပ်သူတွေကတော့ ရလဒ်နဲ့ ပတ်သက်ပြီး ဝေဖန်ကြမယ် ‌ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူနဲ့ အတူ နှစ်တွေ အများကြီး ရှိခဲ့တဲ့သူပါ။ သူ့ ရဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ အရည်အချင်းနဲ့ အရာရာတိုင်းမှာ ဘယ်လို ပါဝင်နေတယ် ဆိုတာကို ကျွန်တော် လူသားတစ်ဦး‌အနေနဲ့ကော နည်းပြတစ်ဦး အနေနဲ့ကော ကောင်းကောင်းကြီး သိပါတယ် ”

Photo Credit: Sky Sports

“ ဒါဟာ အချိန်ဘယ်လောက်လိုအပ် လဲဆိုတဲ့ မေးခွန်းတစ်ခုပါပဲ။ ပြီးတော့ သူ အကောင်းဆုံး စွမ်းဆောင် ပြပါလိမ့်မယ်။ ကျွန်တော်က ဘုတ်အဖွဲ့ဝင်တစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်သာ ဘုတ်အဖွဲ့ဝင် တစ်ဦးဆိုရင် အာတီတာကို ထုတ်ပယ်ဖို့ စိတ်ကူးနေတာဟာ အမှားတစ်ခုကို ကျုးလွန်သလို ဖြစ်လိမ့်မယ်‌ဆိုတာကို သိပါတယ်။ သူတို့ အာတီတာကို ယုံကြည်မှု ပေးသင့်ပါတယ်။ အခုလို ကပ်ရောဂါဆိုးကြီးထဲမှာ၊ သူတို့မှာ ဒဏ်ရာပြဿနာတွေ ရှိတာတောင် သူတို့ ကစားတဲ့ ပွဲစဉ်တိုင်းကို အကောင်းဆုံး ကစားကြပါတယ်။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဒီကစားပွဲတွေက ကျွန်တော်တို့ရဲ့ အလုပ်ဖြစ်နေပြီးတော့ အဲ့ဒါက ရလဒ်တွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ တစ်ပတ် အတွင်း အပြောင်းအလဲ မြန်ပါတယ်။ ကျွန်တော်တို့ အတူတကွ အင်္ဂလန်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့ အဲ့ဒီအောင်မြင်မှုတွေမှာလည်း သူက တစ်စိတ်တစ်ပိုင်းက ပါဝင်နေတာကြောင့် အာဆင်နယ် အနေနဲ့ အာတီတာ မရှိပဲ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အောင်မြင်မှုတွေ ရဖို့ဆိုရင် ခင်ဗျား အနေနဲ့ ကျွန်တော် စီးတီး ပထမ ရာသီတုန်းကလို သူ့ကို အချိန်ပေးသင့်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။