ယမန်နေ့ညမှာပဲ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားတဦး ဖြစ်သလို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့် တိုက်စစ်မှူးကြီး ဆာဂျီယို အဂူရိုရဲ့ အသင်းသစ် အကြောင်းကို အဲဗာတန်အသင်းနဲ့ ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုဟာ ယခုလ ၃၀ရက်နေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာမယ့် ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Fot Mob

စပိန်အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတာကြောင့် မန်ချက်စတာ စီးတီးအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အဂူရိုကို ၂၀၂၃ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းထားတာ ဖြစ်ပြီး အဂူရိုကလည်း ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောကျ လက်ခံဖွယ် ရှိကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်းထောက်တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘာစီလိုနာ အသင်းဟာ အဂူရိုကို တစ်နှစ် လုပ်ခလစာ ယူရို ၁၀သန်းထက် နည်းပါးတဲ့ ပမာဏတခုနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်ကို ကမ်းလှမ်းထားပြီး အဂူရိုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Fot Mob

လက်ရှိမှာတော့ ဂွာဒီယိုလာက ဘာစီလိုနာအသင်းနဲ့ အဂူရိုတို့ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုပေးခဲ့ပြီး အဂူရိုကို ချီးကျူးစကားတွေလည်း ပြောသွားခဲ့ပါတယ်။ အဂူရိုရဲ့ အသင်းသစ်နဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ဒီစကားကို ပြောလို့ ကျွန်တော်က လျို့ဝှက်ချက်တွေ ပြောမိသလို ဖြစ်နိုင်ပါတယ်။ သူက ကျွန်တော့်ရဲ့ နှလုံးသားထဲက အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ (ရယ်လျက်) သူက သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်တဲ့ မက်ဆီနဲ့အတူ တွဲဖက် ကစားရတော့မှာပါ။ သူက ဘာစီလိုနာအသင်းမှာ သေချာပေါက် ပျော်ရွှင်မှာပါ။ ပြီးတော့ သူနဲ့ဆိုရင် ဘာစီလိုနာ အသင်းက ပိုပြီး အင်အားကောင်းလာမှာ သေချာပါတယ်” လို့ ပြောကြားခဲ့တာပါ။