မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပပ် ဂွါဒီယိုလာက ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့် အိမ်ကွင်း အဝေးကွင်း နှစ်ကျော့လုံးမှာ ရီးယဲလ် မက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားရချိန် ဒီပွဲမှာ ရီးယဲလ်က အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်းနဲ့ အကောင်းဆုံး အသင်းကသာ အနိုင်ရသွားခဲ့တာဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
မန်ချက်စတာ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ရီးယဲလ်က နောက်ကနေ လိုက်ကစားခဲ့ပြီး (၂)ဂိုး (၃)ဂိုးနဲ့ အနိုင်ရခဲ့သလို မက်ဒရစ်က ဘာနေဗျူးကွင်းမှာ ကစားရတဲ့ ဒုတိယအကျော့မှာလည်း ကီလီယန် အမ်ဘာပေရဲ့ ဟက်ထရစ်နဲ့အတူ (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ကာ မန်စီးတီးကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
Photo Credit : The Independent
ဒီလို ရှုံးပွဲတွေ့သွားခဲ့တဲ့ မန်စီးတီးဟာ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်မှာ အစောဆုံးအဆင့်နဲ့ ပြန်လာခဲ့ရပြီး အခုဆိုရင် မန်စီးတီးက ပရီးမီးယားလိဂ်မှာ Top 4 ဝင်နိုင်ဖို့နဲ့ ဒီရာသီအတွက် တစ်ခုတည်းသော ဆုဖလား ဖြစ်လာနိုင်မယ့် အက်ဖ်အေဖလားအတွက်သာ ကြိုးပမ်းသွားရတော့မှာပဲ ဖြစ်ပါတယ်။
ရီးယဲလ်နဲ့ ပွဲအပြီးမှာ စီးတီးနည်းပြ ဂွါဒီယိုလာက”သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စည်းချက်ကို ကျွန်တော်တို့ မရင်ဆိုင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဘောလုံးကိုင်တွယ်ရာမှာ အေးဆေးဖြစ်နေရတာပါ။ ဒါပေမယ့် ပထမဆုံးအကြိမ်မှာပဲ ဂိုးပေးလိုက်ရပြီး နောက်မှာလည်း ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး၊ ဒါကြောင့် ပိုပြီး ခက်ခဲသွားပါတယ်။ ဒါကို လက်ခံရပါမယ်။”
Photo Credit : TNT Sports
“အကောင်းဆုံးအသင်းက အနိုင်ရသွားတာပါ။ ရီးရဲလ် မက်ဒရစ်ကို ဂုဏ်ပြုပါတယ်၊ အခု ပရီးမီးယားလိဂ်ကို အာရုံစိုက်ရပါမယ်။ ပထမအကျော့မှာ မိနစ်(၃၀) (၃၅) မိနစ်လောက်အထိ ကောင်းခဲ့တယ်။ ကျန်တာတွေမှာတော့ ရုန်းကန်ရတယ်။ အီတီဟတ်မှာ နှစ်ဂိုးနဲ့ အမှားလုပ်ခဲ့ပြီး ဒီကိုလာတော့ ဂျွန် စတုန်းက ဒဏ်ရာရသွားတယ်။ ပထမဂိုးက ဒီရာသီမှာ ဖြစ်နေကျအရာလေးတွေထဲက တစ်ခုပဲ။ သူတို့က အရည်အသွေးကောင်းတော့ နှစ်ဂိုး သုံးဂိုးဆိုတာ သူတို့အတွက် လွယ်သွားတာပေါ့။”
“အချိန်ကြာလာတာနဲ့အမျှ အသင်းနဲ့ကလပ်က ဖြစ်ပျက်ခဲ့တာကို လက်ခံလာပါလိမ့်မယ်။ ဒါပေမယ့် အခု ကျွန်တော်တို့မှာ နောက်ရာသီ ဒီမှာရှိနေဖို့နဲ့ တိုးတက်ဖို့အတွက် ပရီးမီးယားလိဂ်ပွဲ (၁၃)ပွဲ (၁၄)ပွဲလောက် ကျန်ပါသေးတယ်။ ဘာမှ ထာဝရမတည်ပါဘူး၊ ကျွန်တော်တို့ မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ဖူးပေမယ့် ဒီနေ့ကစပြီး ပိုကောင်းအောင် ကြိုးစားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။