လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူတို့အသင်းမှာ အထောင်တိုက်စစ်မှူး စစ်စစ် မရှိတာကြောင့် အခြားအသင်းတွေနဲ့ ယှဉ်ရင် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ပျက်ကွက်ခဲ့တာကြောင့် အထောင်တိုက်စစ်မှူး စစ်စစ် တဦးမှ မရှိပဲ ရာသီသစ်ကို စတင်ခဲ့ရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးအသင်းမှာ မာရက်ဇ် ၊ ဖာရန်း တောရက်စ် ၊ စတာလင်း ၊ ဂျေဇူး ၊ ဂရီးလစ်ရှ် ၊ ဘာနာဒို ဆေးလ်ဗား ၊ ဂန်ဒိုဂန် ၊ ဒီဘရိုင်း စတဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်တဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ၊ ကွင်းလယ်လူတွေ ရှိနေပေမယ့် Low Block ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် သွင်းဂိုးတွေ ရယူနိုင်ဖို့ ခက်ခဲတာကို ပြီးခဲ့တဲ့ တပတ် ဆောက်သမ်တန်အသင်းနဲ့ ကစားစဉ်မှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်လည်း ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက သူတို့အသင်းဟာ အခြား ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေလို ထိပ်တန်း တိုက်စစ်မှူးတွေကို မပိုင်ဆိုင်တာကြောင့် တိုက်စစ်ပိုင်းမှာ အားနည်းချက် တချို့ ရှိနေကြောင်း ဖွင့်ဟ ဝန်ခံခဲ့တာပါ။

Photo Credit: Sky Sports

အထောင်တိုက်စစ်မှူး စစ်စစ် မရှိတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “တိုက်စစ်မှူးတွေက ငါတို့ဟာ ဒီနေရာကို နိုင်ပွဲရယူဖို့ လာခဲ့တာ ဆိုပြီး အမြဲတမ်း ပြောတတ်ကြပါတယ်။ တကယ်တော့ တိုက်စစ်မှူးတွေက အသင်းတသင်း အတွက် အခြေခံ လိုအပ်ချက်ပါ။ ကျွန်တော်တို့က ကံကောင်းစွာနဲ့ပဲ ဆာဂျီယို(အဂူရို)ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ သူက အသင်းကို စွန့်ခွာခဲ့ပါတယ်။ ကျွန်တော်တို့မှာ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ဒါမှမဟုတ် စပါးတို့လို အထောင်တိုက်စစ်မှူး စစ်စစ် မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့က သွင်းဂိုးတွေ ရရှိဖို့ အသင်းတသင်း အနေနဲ့ပဲ လုပ်ဆောင်ရမှာပါ။ ကျွန်တော်တို့မှာ တရာသီကို သွင်းဂိုး ၂၅ဂိုး သွင်းပေးနိုင်မယ့် တိုက်စစ်မှူး မရှိပါဘူး။ အခုတော့ ကျွန်တော်တို့က အသင်းလိုက် ပုံစံနဲ့ သွင်းဂိုးတွေ ရရှိအောင် ကြိုးစားရပါတော့မယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။