မန်ချက်စတာ စီးတီးအသင်းနည်းပြ ပပ် ဂွါဒီယိုလာက ဒီရာသီမှာ သူတို့အသင်းဟာ အရင်က မန်ချက်စတာ စီးတီးလို မဖြစ်နိုင်တော့ဘူးလို့ ပြောကြားခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ သူတို့အသင်း ပြန်လာနိုင်တယ်လို့ ယုံကြည်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ မလုပ်ဆောင်ဖူးသေးတဲ့ (၄)ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံ အစရှိတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးဟာ ဒီရာသီထဲမှာတော့ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို လီဗာပူးလ်အသင်းဆီ လွှဲပြောင်းပေးရဖို့ သေချာသလောက်ကို ရှိနေရပြီ ဖြစ်ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးက အခု ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျှောက်ဆိုးခဲ့ရပြီး နောက်ပိုင်း ရလဒ်တွေ ပြန်ကောင်းလာလို့သာ အဆင့်(၄)နေရာထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်သလို ဖလားမျှော်လင့်ချက်ဆိုလို့ အက်ဖ်အေဖလား တစ်ခုတည်းသာ ကျန်ရှိနေပါတော့တယ်။ ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးအတွက် အမြင့်ဆုံး မျှော်လင့်ချက်က Top 4 နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့သာ ဖြစ်ပါတယ်။

ဒီရာသီ အခြေအနေတွေနဲ့ ပတ်သက်ပြီး “ဒီရာသီမှာ ကျွန်တော်တို့ အရင် မန်ချက်စတာစီးတီး မဖြစ်နိုင်တော့ပါဘူး။ အရင် စီးတီးက အရမ်းကောင်းလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာပါမယ်။” လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ သူတို့အသင်းဟာ အပြောင်းအလဲတွေ ပြုလုပ်နေရပြီး အဲဒီအပြောင်းအလဲတွေက အသင်းကို ကွဲပြားစေတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

Photo Credit : The Independent

“ချန်ပီယံလိဂ် နေရာ ရရှိတာက ဒီရာသီမှာ ကျွန်တော်တို့အသင်းအတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ဖြစ်ပါလိမ့်မယ်။” လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မှတ်ချက်စကားတွေက မန်စီးတီးရဲ့ လက်ရှိ အခြေအနေကို ထင်ဟပ်နေပါတယ်။ သူတို့အသင်းဟာ အရင်ရာသီတွေကလောက် အောင်မြင်မှု မရရှိသေးပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက်တော့ မျှော်လင့်ချက် ရှိနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ Top 4 နေရာအတွက် လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကလွဲရင် လက်ကျန် (၂)နေရာရာအတွက် နော်တင်ဟမ် မန်စီးတီး ချယ်လ်ဆီး နယူးကာဆယ် ဘုန်းမောက် ဘရိုက်တန် ဖူလ်ဟမ် ဗီလာတို့အထိ မျှော်လင့်ချက် ရှိနေပြီး အဆင့်(၃)က နော်တင်ဟမ်နဲ့ အဆင့်(၁၀)က ဗီလာတို့ကြားမှာ (၆)မှတ်သာ ကွာဟနေပါတယ်။