MySport Myanmar

ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် ဖိအားတွေ ခံစားနေရပြီလို့ ဂွါဒီယိုလာ ဝန်ခံ

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာက သူတို့ စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးပမ်းနေချိန် ဘရိုက်တန်နဲ့ပွဲစဉ်မှာပါ အဓိက ရမှတ်(၂)မှတ် ထပ်မံ ဆုံးရှုံးခဲ့ရပြီးနောက် ဖိအားတွေ ခံစားနေရတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်းဟာ လက်ရှိ အဆင့်(၅)နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး ဒါဟာ ဥရောပရဲ့ ထိပ်တန်း ကလပ်ပြိုင်ပွဲမှာ (၁၅)ရာသီဆက်တိုက် ပါဝင်နိုင်ဖို့ လုံလောက်တဲ့ အနေအထားမျိုး ဖြစ်နေပေမယ့်လည်း မနေ့ညက အီတီဟတ်မှာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာတော့ (၂)ဂိုးစီ သရေကျခဲ့ပြန်တာကြောင့် ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် အမှတ်လျော့ခဲ့ရပါတယ်။

Photo Credit : The Straits Time

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “လက်ကျန်ပွဲက (၉)ပွဲပဲ ရှိတော့တယ်။ အဲ့ဒါတွေက ဖိုင်နယ်ပွဲတွေပါပဲ။ အခြေအနေက ဒီလိုပါပဲ။ ကျွန်တော်ထင်တာက ဒါဟာ နောက်ဆုံးထိ ဆက်သွားမယ်။ ကျွန်တော် အမြဲယုံကြည်ချက် ရှိပါတယ်။ တချို့ အခိုက်အတန့်တွေမှာ သံသယတွေ ရှိခဲ့ပေမယ့် ကျွန်တော် အမြဲမှန်ကန်တဲ့ နည်းလမ်းကို ရှာဖွေဖို့ ကြိုးစားနေတယ်။”

“ကွင်းကြီးထဲမှာ ဖိအားတွေ ခံစားရတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားရမယ်။ ပရိသတ်တွေက အရမ်းလိုချင်နေကြတယ်။ လူတိုင်း ဒါကို ခံစားရတယ်။ ကျွန်တော်တို့ နော့တင်ဟမ် ဖောရက်စ်မှာ ကစားခဲ့တာထက် ပိုကောင်းခဲ့တယ်။ စိတ်ဓာတ်လည်း ရှိခဲ့တယ်။ အဲဒီမှာ ရှိခဲ့တယ်။ ဖောရက်စ်မှာတုန်းက ကျွန်တော်တို့ အရမ်းငြိမ်သက်လွန်းခဲ့ပါတယ်။”

Photo Credit : Goal

“ဘရိုက်တန်က အရမ်းကောင်းတယ်။ သူတို့ ဂိုးသွင်းပြီး (၁၀)မိနစ် (၁၅)မိနစ်လောက် ကျွန်တော်တို့ မတည်မငြိမ် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အမှတ်(၁)မှတ်ရခဲ့ပြီး နောက်ပွဲကို စဉ်းစားပါမယ်။” လို့ ပြောခဲ့ပါတယ်။ ဘရိုက်တန်ဟာ စီးတီးကွင်းမှာ တစ်ခါမှ အနိုင်မရဖူးသလို တစ်ကြိမ်မှလည်း သရေမရခဲ့လို့ အခုမှသာ ပထမဆုံး ရမှတ်ရခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်နည်းပြ ဟာဇဲလာကလည်း “တခါတရံ ဒီလို အခွင့်အရေးတွေ ဂိုးဖြစ်တယ်။ တခါတရံ လွဲတယ်။ တခါတရံ သူရဲကောင်းဖြစ်တယ်။ တခါတရံ မဖြစ်ဘူး။ ကားလို့စ်က အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် ပြခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါက အနိုင်ဂိုး သွင်းနိုင်မယ့် အခွင့်အရေး (၂)ခု (၃)ခုထဲက တစ်ခုပါ။ နောက်တစ်ကြိမ် ပိုကောင်းအောင် လုပ်ရမယ်။ ကျွန်တော် တစ်ဦးချင်း စံချိန်တွေကို ဘယ်တော့မှ မလိုက်စားဘူး။ ကျွန်တော် စွမ်းဆောင်ရည်တွေကိုပဲ လိုက်စားတယ်။ ဒီမှာ ပထမဆုံး အမှတ်ရတာ ကောင်းပေမယ့် ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ပြခဲ့တဲ့ ခံစားချက်ရှိတယ်။ ဒါပေမယ့် အမှတ်(၃)မှတ်နဲ့ အိမ်ပြန်မရတာ စိတ်ပျက်စရာပါ” လို့ ပြောခဲ့ပါတယ်။

Exit mobile version