MySport Myanmar

မန်စီးတီးရဲ့ ဒုတိယပိုင်း ကစားပုံက သူတို့ ကစားဖူးသမျှထဲ အကောင်းဆုံး ဖြစ်နိုင်တယ်လို့ ဂွာဒီယိုလာ ဝန်ခံ

မနေ့ညက မန်စီးတီးအသင်းရဲ့အိမ်ကွင်း အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲကောင်းတစ်ပွဲ မဖြစ်လာခဲ့ပဲ အိမ်ရှင်မန်စီးတီးအသင်းရဲ့ တဖတ်သတ်ဆန်တဲ့ ကစားပုံနဲ့ ဧည့်သည်ယူနိုက်တက်ရဲ့ လိုအပ်ချက်များစွာ ရှိလို့နေတဲ့ ကစားပုံတို့ကြောင့် အိမ်ရှင်စီးတီးကပဲ ဂိုးပြတ်ခြေပြတ်နဲ့ကို အနိုင်ရယူသွားခဲ့ပါတယ်။

Photo Credit : The Jakarta Post

ယူနိုက်တက်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်ရဲ့ တဝက်နီးပါးလောက်မှာ အိမ်ရှင်အသင်းကို ယှဉ်ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးက ပွဲကိုစိုးမိုးလာခဲ့သလို ယူနိုက်တက်ဟာလည်း ဒုတိယပိုင်း ပွဲကစားချိန်မှာ စိတ်ပျက်စရာကောင်းလောက်ကို ကစားပုံ ဆိုးရွှားသွားခဲ့ရလို့ စီးတီးရဲ့ ရလဒ်ကို ပိုမိုပြတ်သားစေခဲ့ရတာ ဖြစ်ပါတယ်။ ရလဒ်ပိုင်းထက် ပိုဆိုးသွားစေခဲ့ရတာကတော့ ဒုတိယပိုင်း ပွဲချိန်ပြန်လည်စတင်ပြီး (၁၅)မိနစ်အတွင်းမှာ အိမ်ရှင်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၉၂)%ထိ ရှိခဲ့ရသလို ယူနိုက်တက်ဘက်က (၈)%လေးသာ ရှိခဲ့ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : 90Min

ဒုတိယပိုင်းအတွင်း ကစားပုံနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက “ဒုတိယပိုင်းက ကျွန်တော်တို့ရဲ့ အကောင်းဆုံး မဟုတ်ရင် ကျွန်တော်တို့ ဘာလုပ်မရလဲဆိုတာကို မသိပါဘူး။ ကျွန်တော် အရမ်းတောင်းဆိုနေပေမယ့် ကျွန်တော်ရဲ့ ကန့်သတ်ချက်နဲ့ ကစားသမားတွေရဲ့ ကန့်သတ်ချက်တွေကို ကျွန်တော်သိပါတယ်။ ယူနိုက်တက်က (၈)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိထားခဲ့ပါဘူး။ ကျွန်တော်က ကျွန်တော့်အသင်းအပေါ် အကြီးမားဆုံး ဝေဖန်ခဲ့သူတစ်ယောက် ဖြစ်ပေမယ့် ကျွန်တော်တို့ ကစားပုံ ကောင်းမွန်တဲ့အချိန်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ ကျွန်တော်တို့တွေ တကယ်ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေတောင် ပိုသွင်းခဲ့သင့်တာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်ကက်အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး အသင်းရဲ့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက “ယူနိုက်တက်အသင်းအတွက် အဆိုးရွှားဆုံးအရာကတော့ သူတို့ လက်လျှော့လိုက်တာပါပဲ။ လက်လျှော့လိုက်တယ်ဆိုတာက တကယ့်ကို ခွင့်မလွှတ်နိုင်စရာပါ။ အရှုံးပေးဖို့ကို သူတို့ပြုမှုလိုက်တာက တကယ်ကို ရှက်စရာကောင်းပါတယ်။ အဲ့ဒီထဲကမှ (၅)ဦး(၆)ဦးလောက်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် နောက်ထပ် ထပ်မကစားသင့်တော့ပါဘူး။ ကစားသမားတွေက ငါဘယ်လိုပုံစံဖြစ်နေလဲ ငါ့ဆံပင်ပုံစံကဘယ်လိုနေလဲ ငါ့ဖိနပ်ကလှလား အဲ့ဒါတွေကိုပဲ ပိုစိတ်ဝင်စားနေတဲ့ပုံမျိုး။ မန်ယူနိုက်တက်အတွက် မင်းကစားပေးတဲ့အခါ မင်ရဲ့အတ္တတွေကို အိမ်မှာထားသင့်တယ်” လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version