ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံလည်းဖြစ် ၊ အဆင့်၁နေရာကိုလည်း သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးကို ၂-၃ ဆိုတဲ့ ရလဒ်နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက မပြီးသေးပါဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးဟာ ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မကစားမီမှာ အဆင့်၂နေရာက ပြိုင်ဘက် လီဗာပူးကို ရမှတ် ၉မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူးက နောဝှစ်ချ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့ကာ မန်ချက်စတာ စီးတီးကတော့ စပါးကို အိမ်ကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၆မှတ်သာ ကျန်ရှိပါတော့တယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီးဟာ အိမ်ကွင်း အီတီဟတ်မှာ စပါးကို ဧည့်ခံ ကစားခဲ့ရပေမယ့် စပါးရဲ့ ရုန်းအားနဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး စပါးအတွက် သွင်းဂိုးတွေကိုတော့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက နှစ်ဂိုးနဲ့ ကစားသမားသစ် ကူလူဆက်စကီးက တဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီး နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက မပြီးဆုံးသေးကြောင်း ဝန်ခံသွားခဲ့သလို စပါးရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်းနဲ့ ကူလူဆက်စကီးတို့ကိုလည်း ချီးကျူးသွားခဲ့ပါသေးတယ်။

Photo Credit: Mirror

ဂွာဒီယိုလာက – “ချန်ပီယံလုပွဲ မပြီးသေးဘူး ဆိုတာကို အရင်ထဲက ကျွန်တော် သိထားပြီးသားပါ။ ကျွန်တော်က အဲ့ဒါကို ပြီးခဲ့တဲ့လထဲက သိထားတာပါ။ ကျွန်တော်တို့ ကစားရမယ့် ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ ဒါကြောင့် ဘယ်အသင်းပဲဖြစ်ဖြစ် ရမှတ်တွေ လျော့နိုင်ပါတယ်” လို့ ဝန်ခံစကား ပြောကြားသွားခဲ့တာပါ။