ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းဟာ အဝေးကွင်းမှာ အာဆင်နယ်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာတော့ အာဆင်နယ်က သူတို့အသင်းထက် ပိုမို ကောင်းမွန်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အဖြစ် အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ကစားပုံ ပိုမို ကောင်းမွန်ခဲ့ပေမယ့် ကစားသမား တယောက် ထုတ်ပယ်ခံခဲ့ရသလို မန်ချက်စတာ စီးတီးရဲ့ နောက်ကျ အနိုင်ဂိုးကိုပါ ခွင့်ပြုခဲ့ရတာကြောင့် ရမှတ်ဗလာကိုသာ ရင်ဝယ်ပိုက်ခဲ့ရပါတယ်။

Photo Credit: Football London

အဆိုပါပွဲစဉ်မှာ အာဆင်နယ်ရဲ့ ကစားပုံဟာ အတော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပြီး အဖွင့်ဂိုးကိုလည်း ပွဲကစားချိန် ၃၁မိနစ်မှာတင် လူငယ်ကြယ်ပွင့် ဆာကာက သွင်းယူပေးခဲ့ကာ အဖွင့်ဂိုး ရရှိပြီးနောက်လည်း အာဆင်နယ်က မန်ချက်စတာ စီးတီးဘက်ကို ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။

ဒါပေမယ့် ပွဲရဲ့ အလှည့်အပြောင်း ကတော့ ပွဲကစားချိန် ၅၇မိနစ် ကနေ ၆၀မိနစ်ကြားမှာ ဖြစ်ပေါ်ခဲ့ပြီး အာဆင်နယ်ဟာ ပွဲကစားချိန် ၅၇မိနစ်မှာ ကွင်းလယ်လူ ချာကာရဲ့ မဆင်မခြင် ဖျက်ထုတ်မှုကြောင့် ပင်နယ်တီ ပေးခဲ့ရသလို ပွဲကစားချိန် ၅၉မိနစ်မှာလည်း မန်ချက်စတာ စီးတီးရဲ့ တန်ပြန် တိုက်စစ်ကို တားဆီးရင်း အဓိက နောက်ခံလူ ဂါဘရီရယ် တယောက် နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။

အာဆင်နယ်ဘက်က ကစားသမား တယောက် လျော့သွားချိန်မှာတော့ မန်ချက်စတာ စီးတီးဘက်က အနိုင်ဂိုး ရရှိဖို့ ဆက်တိုက် ဆိုသလို တိုက်စစ်ဆင် ကစားခဲ့ပြီး အဖိုးတန် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၉၀+၃မိနစ်မှာ ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football London

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးက အနိုင်ရခဲ့ပေမယ့် နိုင်ပွဲနဲ့ ထိုက်တန်တဲ့ အသင်းဟာ အာဆင်နယ်သာ ဖြစ်ကြောင်း ဘောလုံးပရိသတ်တွေက ဝေဖန်နေကြပြီး ဂွာဒီယိုလာကလည်း အာဆင်နယ်ဟာ သူတို့ထက် ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်မှာ အဆင့်၄ အတွင်း မဝင်နိုင်ခဲ့တဲ့ အသင်းတသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့က ရာသီအစမှာ ဇယားအောက်ပိုင်းကို ခဏ ရောက်သွားခဲ့ပေမယ့် အခုတော့ အဆင့်၄ထဲကို ရောက်နေပါပြီ။ ပြီးတော့ သူတို့က နောဝှစ်ချ်နဲ့ ပွဲစဉ်အပြီးထဲက ၆ရက် ၊ ၇ရက်လောက် အနားရခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ၂ရက်ခွဲပဲ နားခဲ့ရပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲက အရမ်းကို ခက်ခဲခဲ့တာကြောင့် မန်ချက်စတာမြို့ကို ပြန်ရောက်တဲ့ အချိန်မှာ အားအင်တွေ ကုန်ခမ်းနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ကွင်းလယ်လူ တယောက် အပိုထည့်ပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့နဲ့ ဘောလုံးပိုင်ဆိုင်မှု ပိုရဖို့ ကြိုးစားခဲ့ကြတာပါ” လို့ ပြောကြားသွားခဲ့တာပါ။