မနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် league phase ပွဲစဉ်မှာ ဧည့်သည် စီးတီးက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးမှ ဂိုးတွေ ပြန်လည် ခွင့်ပြုခဲ့ရရင်း (၄)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရခြင်းအပေါ် စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက အကောင်းဆုံးအသင်းက အနိုင်ရသွားတဲ့အတွက် ရှုံးနိမ့်မှုကို လက်ခံပါတယ်လို့ ဆိုလိုက်ပါတယ်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာပဲ လူစားဝင် ကစားသမား ဂရီးလစ်ရှ်နဲ့ တိုက်စစ်မှူး ဟာလန်းတို့က မန်စီးတီးအတွက် ဂိုးတွေကို ဆက်တိုက် သွင်းယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဘက်ကလည်း ချေပဂိုးတွေကို အလျင်အမြန် သွင်းယူခဲ့သလို ဂျာအို နေးဗက်စ်နဲ့ ရာမို့စ်တို့က အနိုင်ဂိုးတွေကို ထပ်မံ သွင်းယူရင်း comeback နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။
Photo Credit : Sportscasting
ဒီရှုံးပွဲကြောင့် မန်စီးတီးဟာ ချန်ပီယံလိဂ် league phase ဇယားမှာ အဆင့်(၂၅)ထိ elimination zone ရောက်ရှိသွားခဲ့ရပြီး league phase နောက်ဆုံးပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုဂေးနဲ့ပွဲမှာပါ ရလဒ်ကောင်းဖို့ လိုအပ်လာခဲ့ပါတယ်။ အခုပွဲရလဒ်နဲ့ ပတ်သက်ပြီး စီးတီးနည်းပြ ဂွါဒီယိုလာက “ပထမပိုင်းမှာ သူတို့ရော ကျွန်တော်တို့ပါ အခွင့်အရေးတချို့ ရခဲ့ပေမယ့် သူတို့က ပိုကောင်းခဲ့တယ်။”
“(၂)ဂိုးပြတ် ဖြစ်သွားချိန်မှာ အဆင်ပြေခဲ့သလို ဒုတိယပိုင်း ပြန်စပြီး (၅)မိနစ်မှာပဲ ဂိုးတွေ သွင်းနိုင်တယ်။ သူတို့ကလည်း (၅)မိနစ်အကြာမှာပဲ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး ဒါကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ သူတို့က လျင်မြန်ဖြတ်လပ်လွန်းတာကို ကျွန်တော်တို့က မထိန်းနိုင်ခဲ့ဘူး။ အကောင်းဆုံးအသင်းက အနိုင်ရသွားခဲ့တဲ့အတွက် ရှုံးနိမ့်မှုကို လက်ခံပါတယ်။”
Photo Credit : The Independent
“ကလပ်ဘရုဂေးအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမယ့် နောက်ဆုံးအခွင့်အရေးတော့ ရှိနေပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ အနိုင်မရခဲ့ရင် ချန်ပီယံလိဂ်ကနေ ထွက်ခွာရတာမျိုး ဖြစ်လာနိုင်ပေမယ့် အနိုင်ရရင်တော့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နောက်ပိုင်းနှစ်တွေအတွင်း ချန်ပီယံလိဂ်မှာ အနည်းဆုံး ကွာတားလောက်အထိ တက်လှမ်းခဲ့ပေမယ့် အခုတစ်ကြိမ်တော့ အုပ်စုအဆင့်ကနေ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ကြိုးပမ်းသွားရပါတော့မယ်။
လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကျင်းပမယ့် ပုံစံသစ်ကြောင့် league phase အမှတ်ပေးဇယားမှာ အဆင့်(၁)ကနေ (၈)ထိ ရပ်တည်နိုင်မယ့် အသင်း(၈)သင်းက ရှုံးထွက်(၁၆)သင်းအဆင့်ဆီ တိုက်ရိုက် တက်လှမ်းနိုင်မှာဖြစ်ပြီး အဆင့်(၉)ကနေ (၂၄)ထိ အသင်း(၁၆)သင်းက ရှုံးထွက်ပလေးအော့အဆင့်ကို ကစားသွားရပါမယ်။