အင်္ဂလန် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)မှာ နယူးကာဆယ်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ဘက် လီဗာပူးကို နှစ်၃၀မှ ၁ခါ ပရီးမီးယားလိဂ်ဖလား ရတဲ့ အသင်းလို့ လှောင်ပြောင်သွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးနဲ့ ကလော့ပ်ရဲ့ လီဗာပူးတို့ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်ကြသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပါတယ်။

Photo Credit: Guardian

ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)မတိုင်မီမှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ နှစ်သင်းကြား ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)မှာတော့ လီဗာပူးက စပါးနဲ့ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ မန်ချက်စတာ စီးတီးက နယူးကာဆယ်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ယခုအချိန်မှာ မန်ချက်စတာ စီးတီးက လီဗာပူးထက် ရမှတ် ၃မှတ် အသာစီး ရသွားခဲ့ပါပြီ။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အခွင့်အလမ်း များလာခဲ့ကာ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက နယူးကာဆယ်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် လီဗာပူးဟာ ဥရောပပြိုင်ပွဲတွေမှာ အစဉ်အလာ ကောင်းမွန်တဲ့ အသင်းတသင်း ဖြစ်ပေမယ့် လိဂ်ပြိုင်ပွဲမှာတော့ နှစ်၃၀မှ ၁ခါသာ လိဂ်ဖလား ရတဲ့ အသင်းပါလို့ လှောင်ပြောင်စကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Guardian

 

ဂွာဒီယိုလာက – “လီဗာပူးက ဥရောပပြိုင်ပွဲတွေမှာ ဆိုရင် အတော်လေးကို သမိုင်းကြောင်းရော ၊ အစဉ်အလာပါ ကောင်းမွန်တဲ့ အသင်းပါ။ ဒါပေမယ့် သူတို့က ပရီးမီးယားလိဂ်မှာတော့ အလုပ်မဖြစ်ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က နှစ်၃၀ အတွင်းမှာ ပရီးမီးယားလိဂ် ဆုဖလားကို ၁ကြိမ်ပဲ ရသေးလို့လေ” လို့ လှောင်ပြောင်သွားခဲ့တာပါ။