MySport Myanmar

ရီးရဲလ်မှာ ကစားချင်ကြောင်း ထုတ်ပြောလာတဲ့ ဘာစီလိုနာ အကယ်ဒမီထွက် ဂရီမယ်ဒို

ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ အဓိက ဘယ်နောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂရီမယ်ဒိုက သူဟာ အနာဂတ်မှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန်ဘယ်နောက်ခံလူ ဂရီမယ်ဒိုက ရီးရဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ဘင်ဖီကာ ၊ လေဗာကူဆင် စတဲ့ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် အခုချိန်အထိ စပိန်အသင်း အတွက် ကစားခွင့် မရသေးပါဘူး။

Photo Credit: Football Espana

ဂရီမယ်ဒိုက တိုက်စစ်အားသန် ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း တချို့က သူ့ကို လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွေမှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ဂရီမယ်ဒိုကလည်း သူ့ရဲ့ ကစားသမားဘဝ အတွက် လေဗာကူဆင်ထက် ပိုကောင်းတဲ့ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ ကစားချင်နေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့  OK Dairo သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂရီမယ်ဒိုက ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်သလို ကစားသမားတွေ သွားကစားချင်တဲ့ အိမ်မက်အသင်း ဖြစ်ကြောင်း ပြောကြားရင်း သူက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားချင်ကြောင်းကို အရိပ်အမြွက် ဖွင့်ဟသွားခဲ့ပါတယ်။

ဂရီမယ်ဒိုက – “ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တသင်း ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတောင် ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ဘယ်ကစားသမားမဆို ရီးရဲလ်မက်ဒရစ်မှာ ကစားချင်ကြပါတယ်။ ကျွန်တော်က အနာဂတ်မှာ စပိန်နိုင်ငံဆီ ပြန်ပြီး ဘောလုံး ကစားချင်ပါတယ်။ ကျွန်တော်က အမြဲတမ်း စပိန်နိုင်ငံမှာ ကစားချင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ မွေးရပ်မြေမှာ ဘောလုံးပြန်ကစားချင်တာက ကျွန်တော့်ရဲ့ ဆန္ဒတခုပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version