စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် အက်သလက်တီကို မက်ဒရစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မာရှယ် ၊ ရက်ဖို့ဒ် ၊ ဟွိုက်လန်း ၊ အန်တိုနီ ၊ ဂါနာချို ၊ ဆန်ချို စတဲ့ အရည်အသွေးမြင့် တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် မာရှယ်နဲ့ ဟွိုက်လန်းတို့ နှစ်ဦးထဲသာ အထောင်တိုက်စစ်မှာ ကစားနိုင်သလို မာရှယ်ရဲ့ အနာဂတ်ကလည်း မရေရာပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားနိုင်သလို ပြောင်းရွှေ့ကြေးလည်း သက်သာမယ့် ဝါရင့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဂရစ်ဇ်မန်းလည်း ပါဝင်နေပါတယ်။

အသက် ၃၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ မကြာခဏ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Football Transfer

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ဂရစ်ဇ်မန်းကတော့ သူဟာ အက်သလက်တီကို မက်ဒရစ်ရဲ့ ဂန္တဝင် တဦး အဖြစ်ပဲ ဆက်လက် နေထိုင်သွားမယ်လို့ ဆိုလာပါတယ်။

ဂရစ်ဇ်မန်းက – “ကျွန်တော်ကတော့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဂန္တဝင် တဦး ဖြစ်လာအောင် လုပ်ဖို့ပဲ စဉ်းစားထားပါတယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ။ ၂၀၂၄ခုနှစ်ထဲမှာ ကျွန်တော်က အက်သလက်တီကို မက်ဒရစ်ရဲ့ ပရိသတ်တွေ အတွက် ပျော်ရွှင်မှုနဲ့ ဆုဖလားတွေ ယူဆောင်ပေးချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အိမ်မက်ပါ” လို့ ထုတ်ဖော် ပြောကြားကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ စိတ်မဝင်စားကြောင်း အတည်ပြုသွားခဲ့တာပါ။