MySport Myanmar

ဂရင်းဝုဒ်က သူတို့အသင်းကို တော်တော် ဒုက္ခပေးနိုင်ခဲ့တယ်လို့ ဂရီးဇ်မန်း ဖွင့်ဟ

ဂီတာဖေးအသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်က သူတို့ရဲ့ အသက်လက်တီကို မက်ဒရစ်အသင်းဘက်ကို အတော်လေး ဒုက္ခပေးသွားနိုင်ခဲ့တယ်လို့ အသက်လက်တီကို တိုက်စစ်မှူး အန်ထရန် ဂရီးဇ်မန်းက ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

မနေ့ညက ဝမ်ဒါ မက်ထရိုပိုလီတာနိုကွင်းကြီးထဲမှာ အိမ်ရှင် အသက်လက်တီကိုအသင်းနဲ့ ဂီတာဖေးအသင်းတို့ ယှဉ်ပြိုင်သွားခဲ့ကြပြီး အသက်လက်တီကိုဘက်က နောက်ခံလူ ဆာဗစ် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို ပွဲပြီးခါနီး ပင်နယ်တီကန်ခွင့် ပေးလိုက်ရပြီး တစ်ဖက်ကို (၃)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Atletico de Madrid X

ကစားသမားတစ်ယောက်လျော့နဲ့ ကစားနေရပေမယ့်လည်း ဧည့်သည်အသင်းကို ဂရီးဇ်မန်း မိုရာတာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ထားတဲ့ အသက်လက်တီကိုဟာ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုရရင်းနဲ့ သရေတစ်မှတ်ကိုသာ ခွဲယူလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဂီတာဖေးအသင်းက မန်ချက်စတာ ယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂရင်းဝုဒ်ကို ညာတောင်ပံ နေရာမှာ ထည့်သွင်း အသုံးပြုသွားခဲ့ပြီး သွင်းဂိုး ပါဝင်ပတ်သက်မှု မရှိခဲ့ပေမယ့်လည်း အလိမ်အခေါက် အောင်မြင်မှုတွေ ရှိခဲ့သလို အခွင့်အရေး ဖန်တီးမှု (၃)ကြိမ်ပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Youtube

ဒါ့အပြင် ဂရင်းဝုဒ်က ဂိုးကန်ချက် (၅)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးထိချက်ပေါင်း (၈၀)အထိပါ ရှိခဲ့ရပါတယ်။ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ဂရီးဇ်မန်းက “မေဆန် ဂရင်းဝုဒ်က ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ကျွန်တော်တို့အသင်းကို တကယ်ပဲ ဒုက္ခကောင်းကောင်း ပေးသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သူ့ကို မတားဆီးနိုင်ခဲ့တာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်သွားရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အခုဆိုရင် ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပြီး အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၁၅)ပွဲ ပါဝင်ကစားထားရင်း (၅)ဂိုးသွင်း (၄)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version