စပိန်လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ထွက်ခွာတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းကို ငြင်းပယ်ပြီး ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့မိတဲ့ အတွက် နောင်တရနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းထံကို ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှာ အက်သလက်တီကို မက်ဒရစ်အသင်း က​နေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာ ဆွာရက်ဇ် ၊ မက်ဆီတို့နဲ့ အတွဲညီမယ်လို့ အားလုံးက ထင်မှတ် ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။

Photo Credit: Express

ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားပေးရင်း သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး ခြေစွမ်းကို ရရှိခဲ့ပေမယ့် ဘာစီလိုနာ အသင်းဆီ ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူအားသန်တဲ့ နေရာမှာ မကစားရသလို တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။ ယခု အချိန်မှာတော့ ဂရစ်ဇ်မန်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ပိုမို များပြားလာသလို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းနဲ့ ကတောက်ကဆ ဖြစ်ခဲ့ကြကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာ အသင်းထံ စတင် ရောက်ရှိချိန်မှာ ဂရစ်ဇ်မန်းရဲ့ အကောင်းဆုံး ခြေစွမ်းရဖို့ ကူညီပေးသွားမယ် လို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကိုးမန်းရဲ့ ကစားပုံ အတွင်းမှာ ဂရစ်ဇ်မန်းဟာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့သလို ပုံမှန်ထက် နိမ့်ကျတဲ့ ခြေစွမ်းမျိုးကိုသာ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Express

ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ L’Enique သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်းဟာ လက်ရှိအချိန်မှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ခဲ့မှုအပေါ် နောင်တ ရနေပြီး သူ့အနေနဲ့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ အတွက် မန်ယူအသင်းကို ငြင်းပယ်ခဲ့မိတဲ့ အတွက် အတော်လေးကို စိတ်ပျက်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့သလို ဂရစ်ဇ်မန်းအတွက် အက်သလက်တီကို မက်ဒရစ်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်းကို ပေးချေဖို့ အသင့်ရှိခဲ့ပေမယ့် ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် မန်ယူအသင်းရဲ့ ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့တာပါ။ လက်ရှိမှာတော့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းရဲ့ ဦးစားပေး တိုက်စစ်မှူး မဟုတ်တော့တာကြောင့် လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပြီး မန်ယူအသင်းအနေနဲ့ တစ်ချိန်က မရခဲ့တဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားဦးမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်။