စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်း ကတော့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြတဲ့ အသင်းခေါင်းဆောင် ဖြစ်သူ မက်ဆီနဲ့ သူရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေိကို ပယ်ချသွားပြီး မက်ဆီဟာ သူ့ကို ယုံကြည်တဲ့လူ တစ်ဦးဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားပါတယ်။ အသက် ၂၉နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၉ခုနှစ် ဇူလိုင်လမှာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ် အသင်းမှာ ခြေစွမ်းပြ နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာ ခြေစွမ်း မပြနိုင်တာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၇ပွဲအထိ ကစားပေးထားသူ ဖြစ်ပေမယ့် ၁၇ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၅ကြိမ်သာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ပမာဏဟာ ဘာစီလိုနာ အသင်းလို ထိပ်တန်း အသင်းတစ်သင်းရဲ့ တိုက်စစ်မှူး အနေနဲ့ မဖြစ်သင့်တဲ့ သွင်းဂိုး ပမာဏ ဖြစ်ပြီး ဘာစီလိုနာ အသင်းမှာ ဂရစ်ဇ်မန်း တစ်ယောက် ခြေစွမ်းမပြနိုင်တာဟာ မက်ဆီကြောင့် ဆိုတဲ့ ဝေဖန်မှုတွေ ကလည်း မကြာသေးမီကမှ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဂရစ်ဇ်မန်းရဲ့ ဦးလေး ဖြစ်သူက မက်ဆီကြောင့် သူ့ရဲ့တူဟာ ခြေစွမ်းမပြနိုင်ပဲ ရှိနေတာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ခဲ့တာကြောင့် မက်ဆီနဲ့ ဂရစ်ဇ်မန်းကြားမှာ ပြဿနာတွေ ရှိနေပြီလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာခဲ့ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ဂရစ်ဇ်မန်းက အဆိုပါ ကောလဟာလတွေကို ငြင်းဆန်သွားခဲ့ပြီး မက်ဆီဟာ သူ့ဘက် ကနေ အမြဲတမ်း ရှိနေခဲ့သူ ဖြစ်ကြောင်း ဆိုသွားပါတယ်။ ဂရစ်ဇ်မန်းက “ သတင်းမီဒီယာတွေက အမြဲတမ်း တစ်ခုပြီး တစ်ခု မှားနေပြီလို့ ပြောကြပါတယ်။ လီယိုကြောင့် ကျွန်တော် ခြေစွမ်းမပြနိုင်တာတွေ ၊ ဒါမှမဟုတ် အသင်းကနေ ကျွန်တော် ထွက်ချင်နေပြီ ဆိုတာတွေ ၊ ဒါမှမဟုတ် အသင်းက ကျွန်တော့်ကို ဇန်နဝါရီမှာ ရောင်းချင်နေပြီ ဆိုတာတွေကို အမြဲတမ်း ဖော်ပြနေကြပါတယ်။ ဒီသတင်းတွေ အားလုံးက အမှားတွေပါပဲ။ ကျွန်တော် ဘာစီလိုနာ အသင်းဆီ မရောက်ခင် တစ်နှစ်အလိုက အက်သလက်တီကို မက်ဒရစ် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မက်ဆီက စိတ်ပျက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်း က ကျွန်တော် ရောက်လာမယ် လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် အသင်းဆီ ကျွန်တော် ရောက်လာပြီး နောက်မှာတော့ သူက ကျွန်တော့်ဘက်မှာ အမြဲတမ်း ရှိနေမှာ ဖြစ်ကြောင်း ကျွန်တော့်ကို လာပြောခဲ့ပါတယ်” လို့ ပြောကြား သွားတာပါ။