ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်း တစ်ဦးဖြစ်တဲ့ အာစင်ဝင်းဂါး ကတော့ ဘာစီလိုနာ အသင်းမှာ မက်ဆီရှိနေသရွေ့ ဂရစ်ဇ်မန်းရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ရမှာ မဟုတ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၉ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂ဝသန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ အသင်းထံ ရောက်ရှိတဲ့ အချိန်မှာ မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ အတွဲအဖက် ညီလိမ့်မယ် လို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန် နေခဲ့ရပါတယ်။

Photo Credit: AS English

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းထံ ရောက်ရှိပြီး ကတည်းက အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၄ပွဲအထိ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး ၁၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၄ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအသင်း ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင်အသင်း အတွက် သွားရောက် ကစားပေးတဲ့ အချိန်တွေ မှာတော့ ဂရစ်ဇ်မန်းဟာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဂရစ်ဇ်မန််းဟာ ဘာစီလိုနာ အသင်းအတွက် အပြည့်အဝ ပေးဆပ်ကစားခြင်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ် လာခဲ့ပါတယ်။ ပြင်သစ် လူမျိုးလည်းဖြစ် အောင်မြင်ကျော်ကြားတဲ့ နည်းပြဟောင်း တစ်ဦးလည်း ဖြစ်တဲ့ အာစင်ဝင်းဂါးကတော့ ဂရစ်ဇ်မန်း တစ်ယောက် ဘာစီလိုနာ အသင်းမှာ ခြေစွမ်းမပြ နိုင်တာဟာ သူကစားလေ့ရှိတဲ့ နေရာမှာ မကစားရတာကြောင့် ဖြစ်ကြောင်း သုံးသပ် သွားခဲ့ပါတယ်။

Photo Credit: AS English

ဂရစ်ဇ်မန််းတစ်ယောက် ဘာစီလိုနာ အသင်းမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေရခြင်း အကြောင်းအရင်း ကို ဝင်းဂါးက “ သူရဲ့ နေရာမှန်မှာ မကစားရတာက အချိန်ကြာလာနဲ့အမျှ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ အစပိုင်းမှာတော့ သူက နေရာပြောင်း ကစားဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ရေရှည်မှာ မျှော်မှန်းထားတဲ့ အရာတွေ ဖြစ်မလာတဲ့ အခါမှာတော့ သူ ကစားနေရတဲ့ နေရာတွေဟာ သူ့ရဲ့ အရည်အချင်းကို ပြသနိုင်တဲ့ နေရာတွေ မဟုတ်ဘူးလို့ သူ ခံစားလာရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ စိတ်ဓာတ်ကျ လာပါတော့တယ်။ သူဟာ တိုုက်စစ်ရဲ့ အလယ်ဗဟို နေရာမှာ ကစားသင့်တဲ့ ကစားသမား တစ်ဦးပါ။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့မှာ အရမ်းကောင်းတဲ့ လုပ်အားနှုန်း ရှိတယ်။ ပြီးတော့ သူ့ရဲ့ ပေးပို့မှုတွေဟာလည်း အဖိုးတန်ပါတယ်။ သူက အဆုံးသတ် ပေးပို့မှုတွေနဲ့ သွင်းဂိုးတွေ သွင်းယူပြီး တစ်ဖက်အသင်းကို ဒုက္ခရောက်စေနိုင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာက သူကစားတဲ့ နေရာမှာ မက်ဆီ ရှိနေတာပါပဲ” ဆိုပြီး သုံးသပ် သွားခဲ့ပါတယ်။