စပိန်လာလီဂါ ထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ဘောလုံး ကစားသမားဘဝ ကို အမေရိကန် မေဂျာလိဂ်မှာ အဆုံးသတ် သွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက်၂၉နှစ်အရွယ်သာ ရှိသေးတဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို၁၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကာ ဘာစီလိုနာအသင်းဆီ ရောက်ရှိစဉ်မှာ အသင်းနဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ် ကို အသင်းဖော် လီယွန်နယ် မက်ဆီ ၊ ဆွာရက်ဇ် တို့နဲ့ တွဲဖက်ကာ အကောင်းဆုံး ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဂရစ်ဇ်မန်းဟာ လက်ရှိ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၃၇ပွဲအထိ ကစားပေးခဲ့ရာမှာ ၁၄ဂိုး သွင်းယူနိုင်ခဲ့ကာ ၄ဂိုး ဖန်တီးပေးထား နိုင်သူ ဖြစ်ပြီး ဘာစီလိုနာ အသင်းနဲ့အတူ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ် ဖလားတို့ကို အရယူဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ကာတာနိုင်ငံ မှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးသွားတဲ့ အခါမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာကာ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲကို သွားရောက် ကစားမှာ ဖြစ်တယ်လို့ တစ်ခါထဲ အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ဂရစ်ဇ်မန်း ဟာ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ အသင်းဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြင်သစ်အသင်း အတွက် ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Photo Credit: Marca

သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တွေနဲ့ ပတ်သတ်ပြီး ဂရစ်ဇ်မန်းက ” ဘာစီလိုနာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါ ဖလားတို့ကို ရယူနိုင်ဖို့ဟာ အိမ်မက်တစ်ခု ဖြစ်ပြီး ကျွန်တော် ပစ်မှတ်ထားနေတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ အဲ့ဒီဆုဖလားတွေကို ရယူ ပြီးသွားရင်တော့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ လာတော့မှာပါ။ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင်တော့ ကျွန်တော်ဟာ MLS(မေဂျာလိဂ်) ကို ပြောင်းရွှေ့ ကစားသွားမှာပါ။ ဘယ်အသင်းမှာ စတင်ပြီး ကစားရမလဲဆိုတာ ကျွန်တော် မသိသေးပေမယ့် မေဂျာလိဂ်မှာ အရမ်းကို ကစားချင်ပါတယ်။ ကျွန်တော်က အမေရိကန်နိုင်ငံမှာ ကစားသမားဘဝကို အဆုံးသတ်ချင်ပါတယ်။ ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် မေဂျာလိဂ်ရဲ့ ဆုဖလားတစ်ခုခုကိုလည်း အရယူသွားချင်ပါသေးတယ် ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။