ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ၊ လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ ထွက်ခွာရဖို့ ရှိနေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။

အသက် ၃၀အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၉ခုနှစ်ကမှ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အရောင်းစာရင်း တင်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ ဂရစ်ဇ်မန်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်လူ ဆာအူလ်တို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးနေပေမယ့် ဂရစ်ဇ်မန်း ကတော့ အသင်းဟောင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ထက် ပရီးမီးယားလိဂ်ဆီသာ ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပါတယ်။

ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်းရဲ့ အေးဂျင့်ဖြစ်သူဟာ လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ ချယ်လ်ဆီးအသင်းတို့ရဲ့ ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကြတဲ့ အသင်းတွေ ဖြစ်ပြီး လီဗာပူးအသင်းကတော့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ပေးနိုင်မယ့် ဂရစ်ဇ်မန်းကို ခေါ်ယူချင်နေပေမယ့် တရာသီ အငှားနဲ့သာ ခေါ်ယူဖို့ စဉ်းစားထားတဲ့ အသင်းပါ။

နောက်ဆုံး သိရှိထားရတဲ့ အချက်အလက်တွေအရ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် ရရှိတာနဲ့ ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ဟယ်ရီကိန်းကို ဝယ်ယူနိုင်ဖို့ ခက်ခဲနေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ အတော်လေးကို စိတ်ဝင်စားနေကြောင်းနဲ့ ဂရစ်ဇ်မန်းကလည်း ဂွာဒီယိုလာနဲ့ တွေ့ဆုံရမှာကို သဘောကျနေကြောင်း သိရပါတယ်။