စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းဆီ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကတော့ အသင်းဟောင်းဆီ ပြန်လာရတာဟာ ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ သူ့အတွက် ပျော်ရွှင်စရာ အကောင်းဆုံး ကိစ္စတခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အသက် ၃၀အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၁၉ခုနှစ်မှာ ဘာစီလိုနာအသင်းက သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းအထိ ပေးချေကာ ခေါ််ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ ထင်ထားသလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိပဲ အသင်းနဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရသလို ပြိုင်ပွဲစုံမှာ ၁၀၂ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၃၅ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၇ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို သူ့ရဲ့ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းထံ အငှားချဖို့ သဘောတူခဲ့တာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂရစ်ဇ်မန်းကို တရာသီအငှား + ယခုရာသီမှာ ဂရစ်ဇ်မန်းက အက်သလက်တီကို မက်ဒရစ်အသင်း ကစားရမယ့် ပွဲစဉ်အရေအတွက်ရဲ့ ၅၀ရာခိုင်နှုန်းကို ကစားပေးခဲ့ပါက မဖြစ်မနေ ဝယ်ယူရမယ့် အချက်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ ပြင်ဆင်နေပြီး သူဟာ အသင်းဟောင်းဆီ ပြန်လည် ရောက်ရှိလာတဲ့ အတွက် အရမ်းကို ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဂရစ်ဇ်မန်းက – “ကျွန်တော် ဒီအသင်းဆီ ပြန်လာနိုင်အောင် အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့ အတွက် အက်သလက်တီကို မက်ဒရစ်အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားသွားမှာပါ။ ကျွန်တော့်အတွက် အက်သလက်တီကို မက်ဒရစ်ဆီ ပြန်လာဖို့ ဆုံးဖြတ်ရတာက အရမ်းကို လွယ်ပါတယ်။ အသင်းက ကျွန်တော့်ကို လိုချင်တဲ့အကြောင်း သိတာနဲ့ ကျွန်တော် ခေါင်းညိတ်ခဲ့ပါတယ်။ ဒီအသင်းက ကျွန်တော့်အတွက် ကွင်းတွင်းရော ကွင်းပြင်မှာပါ အကောင်းဆုံး နေရာတခုပါ။ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှ စတင် ဆွေးနွေးခဲ့တာ ဆိုတော့ အတော်လေးကို ရူးချင်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ အရာအားလုံး အဆင်ပြေခဲ့ပြီး ကျွန်တော်ကလည်း Colchonero ပြန်ဖြစ်လာပါပြီ။ ဒါက ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ကျွန်တော့် အတွက် အကောင်းဆုံး ဖြစ်ရပ်လို့ ပြောရင်လည်း မမှားပါဘူး” လို့ ပြောကြားခဲ့တာပါ။