လာမယ့်ရက်ပိုင်းအတွင်း မန်ချက်စတာမြို့က အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ ယှဉ်ပြိုင်သွားကြမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ဟာ အသင်းနှစ်သင်းလုံးအတွက် ကွာတားဖိုင်နယ် တတ်လှမ်းရေးအတွက် အလွန်အရေးကြီးနေတာကြောင့် စက္ကန့်တိုင်းလိုလိုမှာ တိုက်ပွဲဝင်နေရလိမ့်မယ်လို့ အသက်လက်တီကို တိုက်စစ်ကစားသမား ဂရီးဇ်မန်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Anadolu Agency

ဝမ်ဒါမက်ထရိုပိုလီတာနိုမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအအကျော့ပွဲစဉ်အတွင်း တစ်ဖက်ကို တစ်ဂိုးစီ သရေကျထားခဲ့ကြတဲ့ အသက်လက်တီကိုနဲ့ ယူနိုက်တက်အသင်းတို့ဟာ လာမယ့် (၁၆)ရက်နေ့မှာပဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းထဲ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အသက်လက်တီကို တိုက်စစ်ကစားသမား ဂရီးဇ်မန်းက “ဒီပွဲကို အနိုင်ရဖို့နဲ့ ဒီအဆင့်ကနေ ဖြတ်ကျော်သွားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်းကလည်း ဒီလိုပဲ လုပ်ဆောင်သွုားမှာပါ။ ကစားလို့ အရမ်းကောင်းမယ့် ပွဲလည်းဖြစ်ပါလိမ့်မယ်။ ပရိသတ်တွေ အများကြီး လာကြမယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော်တို့အတွက်လည်း အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်သလို ကျွန်တော်တို့ အနိုင်ရယူ ကျော်ဖြတ်ရမယ့်ပွဲလည်း ဖြစ်ပါတယ်”

Photo Credit : Marca

“ကျွန်တော်တို့ ယုံကြည်ချက် ရှိပါတယ်။ ကောင်းမွန်စွာလည်း ကစားသွားမှာပါ။ ပွဲထွက်ကစားသမားပဲဖြစ်ဖြစ် အရန်ကစားသမားပဲဖြစ်ဖြစ် အသင်းရဲ့ ကစားသမားတွေပဲဖြစ်လို့ ကောင်းကောင်းလုပ်ဆောင်ရပါမယ်။ ကျွန်ေ်တာ်တို့ ဒီပုံစံအတိုင်း ဆက်သွားရပါမယ်။ ဘယ်ကစားသမားပဲဖြစ်ဖြစ် လူစားဝင် ကစားသမားတွေကလည်း ပွဲကစားခွင့် ရလာတဲ့အချိန် အသင်းအတွက် လိုအပ်တာတွေကို ပံ့ပိုးဖို့ အသင့်ဖြစ်နေမှာ သေချာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားတိုင်းဆီကနေလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိမယ်ဆိုတာ သေချာပါတယ်။ အိုးထရက်ဖို့ဒ်က အရမ်းကောင်းမွန်တဲ့ ကွင်းတစ်ကွင်းပါ။ ချန်ပီယံလိဂ်ညချမ်းတွေဆိုတာ အမြဲတမ်း ထူးခြားနေတာဖြစ်လို့ အခုအချိန်မှာလည်း ကောင်းမွန်ပြီး အနိုင်ယူ ကောျ်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ စက္ကန့်တိုင်း မိနစ်တိုင်း တိုက်ပွဲဝင်သွားရမယ့် ခက်ခဲလွန်းတဲ့ ပွဲတစ်ပွဲဖြစ်မှာဖြစ်ပြီး ဒါတွေကို လုပ်ဆောင်ဖို့ အလားအလာရှိနေပြီး အဲ့ဒီညအတွက် အဆင့်သင့် ဖြစ်နေမှာ သေချာပါတယ်။ မိနစ်တိုင်းက အရေးကြီးပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်အသက်လက်တီကိုက ဂျာအိုဖီးလစ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင်ဦးဆောင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က လူစားဝင် တိုက်စစ်ကစားသမားလေး အီလန်ဂါက ပြန်လည်ချေပခဲ့လို့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ရတာ ဖြစ်ပါတယ်။