လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဆယ်ကျော်သက် ကစားသမားဟာ ဘယ်သူလဲလို့ မေးခွန်းထုတ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ တောက်ပနေတဲ့ အင်္ဂလန် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ကိုပဲ လက်ညှိုးထိုးပြရမှာပါ။

လာမယ့် အောက်တိုဘာလ ၁ရက်နေ့မှာ အသက် ၂၀ပြည့်မယ့် ဂရင်းဝုဒ်ဟာ သူ့ရဲ့ ဆယ်ကျော်သက် ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ဖြတ်ကျော်နေသူ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ သူဟာ ၃ပွဲကစား သွင်းဂိုး ၃ဂိုး ရယူထားနိုင်ပါတယ်။

Photo Credit: Daily Mail

လူငယ် တိုက်စစ်မှူးတဦး အတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ပွဲဆက်တိုက် သွင်းဂိုးတွေ ရရှိတာဟာ အံ့မခန်း စွမ်းဆောင်ရည်တခုလို့ ပြောလို့ရသလို ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက သွင်းဂိုးတွေ အလိုအပ်ဆုံး ဖြစ်နေတဲ့ အချိန်မှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်နေပါတယ်။

အချက်အလက် မှတ်တမ်းတွေအရ ဂရင်းဝုဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ရယူထားနိုင်တဲ့ ရမှတ် ၇မှတ်စလုံးကို ရယူပေးထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက လိဒ်အသင်းကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အဖွင့်ပွဲမှာ အသင်းအတွက် ပွဲအလှည့်အပြောင်း ဖြစ်စေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး သူ့ရဲ့ သွင်းဂိုးကြောင့် ၂-၁ ဆိုတဲ့ ရလဒ် ဖြစ်ပေါ်ခဲ့တာကြောင့် အဆိုပါပွဲစဉ်ရဲ့ ရမှတ် ၃မှတ်ကို သူ ယူဆောင်ပေးခဲ့တာ လို့ သတ်မှတ်ထားပါတယ်။

Photo Credit: Daily Mail

ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့တဲ့ပွဲ ၊ မနေ့ညက ဝုဗ်အသင်းကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲတွေမှာတော့ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို မြင်သာထင်သာ ရှိခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရမှတ် ၄မှတ်ကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ် ဆယ်ကျော်သက် ကစားသမားတွေအနက် အသင်းအပေါ် အကျိုးအပြုဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို ရာသီကုန်မှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်တဲ့ တိုက်စစ်မှူး ဆယ်ဦးထဲက တဦး အဖြစ် ပါဝင်နေပါသေးတယ်။