မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းအတွက် ပွဲဆက်တွေများစွာကို ပါဝင်ကစားခဲ့ရတဲ့ အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ကို အင်္ဂလန်လက်ရွေးစင်အသင်းကနေ ရွေးချယ်ခေါ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အင်္ဂလန်အသင်းနဲ့ လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်တို့ကို ဝေဖန်ပြစ်တင်သွားခဲ့ကာ ကစားသမားအတွက် အနားယူရမယ့်ရက်က အပြည့်အဝမရှိခဲ့ရခြင်းအပေါ် စိတ်ပျက်လို့နေပါတယ်။

Photo Credit : TV6 News

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ပါဝင်ကစားခဲ့ရသူဖြစ်သလို အနားယူရတဲ့ အချိန်ကာလ (၂)ပတ်လောက်ပဲ ရှိနေသေးချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကနေ သူ့ကို UEFA Nations League ပွဲအတွက် ရွေးချယ်ခဲ့လို့ အပြည့်အဝနားခွင့်မရတော့တဲ့အပေါ် ဆိုးလ်ရှားက စိတ်ပျက်နေတာဖြစ်ပါတယ်။ ဆိုးလ်ရှားက “ဒီကစားသမားလေးက ပြီးခဲ့တဲ့ရာသီအတွင်း အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူက အခုမှ အစပျိုးခါစလေးပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ကွင်းအတွင်းမှာ အချိန်များများပေးနိုင်အောင်နဲ့ မီဒီယာတွေနဲ့ ထိတွေ့နိုင်ဖို့တွေအတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးနေပါတယ်”

Photo Credit : Daily Express

“အသင်းနဲ့ ရာသီကုန်အထိ ပါဝင်ကစားခဲ့ပြီးတဲ့နောက် (၂)ပတ်လောက်တောင် အနားမယူရသေးတဲ့အချိန်မှာ သူ့ကို လက်ရွေးစင်အသင်းကနေ ရွေးချယ်လာခဲ့တယ်။ ကျွန်တော်လည်း သူ့ကို အနားရက်အပြည့်အဝရအောင် အကောင်းဆုံးကြိုးစားခဲ့ပါသေးတယ်။ သူ့ကို လုံးဝအနားပေးဖို့ကိုလည်း ကျွန်တော်တောင်းဆိုခဲ့ပါသေးတယ်။ သူအနေနဲ့ ရုပ်ပိုင်းရောစိတ်ပိုင်းပါ အနားယူသင့်နေတာပါ။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုလည်း သူဒီကို ပြန်ရောက်လာချိန်မှာ ကျွန်တော်တို့တွေ သူ့အတွက် အကောင်းဆုံးကာကွယ်ပေးခဲ့တယ်။ အကောင်းဆုံးတွေကို လုပ်ဆောင်ပေးခဲ့တယ်။ အခုတော့ သူအဆင်ပြေနေပါပြီ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂရင်းဝုဒ်ဟာ တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းနေရာကနေ အသင်းဖော်တွေနဲ့အတူ ကာရင်တန်ကွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာပါ ပါဝင်ကစားရဖွယ် ရှိလို့နေပါတယ်။ ဆိုးလ်ရှားကတော့ ဂရင်းဝုဒ် ကျူးလွန်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ်မှာ အပြစ်မြင်ခြင်းမရှိပဲ ဂရင်းဝုဒ်က သေသေချာချာ ထိန်းသိမ်းစီမံပေးဖို့ လိုအပ်နေသေးတဲ့ အသက်(၁၈)နှစ်အရွှယ်ရှိ ကစားသမားတစ်ယောက်ဆိုတာကိုသာ နားလည်ထားသင့်တယ်လို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။