MySport Myanmar

အင်္ဂလန်မှာ ပြန်ကစားခွင့်ရဖို့ တူဟယ်လ်နဲ့ ဆွေးနွေးသွားချင်နေတဲ့ ဂရင်းဝုဒ်

မာဆေးလ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းမှာ ပြန်လည် ကစားခွင့် ရရှိဖို့အတွက် လက်ရှိ အင်္ဂလန်ရဲ့ နည်းပြသစ်ဖြစ်သူ သောမတ်စ် တူဟယ်လ်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားချင်နေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူး ဂရင်းဝုဒ်က အင်္ဂလန်အတွက် တစ်ပွဲတည်းသာ ကစားခွင့် ရရှိခဲ့ပြီး ၂၀၂၀-၂၁ UEFA Nations League ပွဲစဉ်အဖြစ် အိုက်စလန်နဲ့ ပွဲမှာသာ လူစားဝင်အဖြစ်နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ဟာ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် အင်္ဂလန် ကစားသမားစာရင်းကနေ ဖယ်ရှားခံလိုက်ရပါတယ်။

Photo Credit : SPORTbible

အဲ့ဒီနောက်ပိုင်းကတည်းက အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်း မခံရတော့တဲ့ ဂရင်းဝုဒ်ဟာ နောက်ပိုင်းလည်း သူရင်ဆိုင်ခဲ့ရတဲ့ အမှု ပြဿနာတွေကြောင့် အင်္ဂလန်အသင်းနဲ့ ပိုမို ဝေးကွာသွားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ ဂရင်းဝုဒ်ကနေ ဂျမေကာအသင်းအတွက်ပဲ ပြောင်းလဲ ကစားဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အင်္ဂလန်အသင်းက နည်းပြ အပြောင်းအလဲလည်း ဖြစ်ပေါ်ထားခဲ့ပြီး အသင်းကနေ နုတ်ထွက်ခဲ့တဲ့ ဂါရတ် ဆောက်ဂိတ်နေရာမှာ သောမတ်စ် တူဟယ်လ်နဲ့ အစားထိုး ခန့်အပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို နည်းပြအပြောင်းအလဲ ဖြစ်လာချိန်မှာ ဂရင်းဝုဒ်အတွက် အင်္ဂလန်မှာ ပြန်ကစားခွင့် ရဖို့က မျှော်လင့်ချက် ရှိလာခဲ့ရပါတယ်။

Photo Credit : The Sun

ဂရင်းဝုဒ်က မကြာခင်မှာပဲ အင်္ဂလန်နည်းပြသစ် တူဟယ်လ်အပြင် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်နဲ့ပါ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွားချင်နေပြီး အင်္ဂလန်က ဘောလုံးသုံးသပ်သူတွေကလည်း ဂရင်းဝုဒ်လို အရည်အသွေးမြင့် ကစားသမားမျိုးကို လက်ရွေးစင်အသင်းမှာ နေရာပြန်ပေးသင့်တယ်လို့ မှတ်ချက်ပြုနေကြပါတယ်။

ညာတောင်ပံ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဒီနွေမှ မန်ချက်စတာ ယူနိုက်တက်ကနေ မာဆေးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မာဆေးလ်အတွက် (၇)ပွဲကစား (၅)ဂိုး သွင်းယူထားသလို အသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်ပြထားပါတယ်။

Exit mobile version