မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အသင်းရဲ့ အဓိက စပွန်ဆာကြီး Adidas တို့ကြား လျှို့ဝှက် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မေဆန် ဂရင်းဝုဒ်ရဲ့ ယူနိုက်တက် ကစားသမားဘဝက ပြန်လည် ရှင်သန်လာရနိုင်ဖွယ် ရှိနေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

မုဒိန်းမှု ကျူးလွန်တယ်ဆိုတဲ့ သံသယနဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ အသက် (၂၁)နှစ်အရွယ် တိုက်စစ် ကစားသမား ဂရင်းဝုဒ် ဒီအခြေအနေကြောင့် ယူနိုက်တက်အသင်းက (၁၇)လအထိ အသင်း ကစားသမားအဖြစ်ကနေ ဆိုင်းငံ့ထားခဲ့ပြီး ကလပ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ကိုပါ အခုအချိန်ထိ ပိတ်ပင်ထားခဲ့ပါတယ်။

လက်ရှိမှာလည်း ဂရင်းဝုဒ်က အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည့်တိုင် ယူနိုက်တက်က အသင်းမှာ ဂရင်းဝုဒ်ကို ကစားခွင့် ပြန်လည် ခွင့်မပြုခင် စုံစမ်း စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်လျက် ရှိနေပြီး ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ တိတိကျကျ ဆုံးဖြတ်ချက်ကိုလည်း အခုချိန်ထိ မထုတ်ပြန်သေးပဲ ရှိနေပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့်လည်း The Sun သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းနဲ့ အသင်းစပွန်ဆာ Adidas တို့ရဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေအရ ဂရင်းဝုဒ် ယူနိုက်တက်အသင်းမှာ ပြန်လည် ပါဝင်ခွင့်ရရေးကို အတည်ပြုဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီလို ယူနိုက်တက်ရဲ့ အဓိက စပွန်ဆာကြီးတစ်ခုဖြစ်တဲ့ Adidas က ဂရင်းဝုဒ် ကိစ္စ မီးစိမ်းပြလိုက်ခြင်းကြောင့် အခြား စပွန်ဆာများအနေနဲ့လည်း Adidas ရဲ့ နည်းတူ သဘောတူသွားဖို့ ရှိနေပြီး ကလပ်အသင်းဘက်ကနေလည်း ဒါကို လက်ခံခဲ့မယ်ဆိုရင်လည်း ဂရင်းဝုဒ်ကို သူ့အသင်းဖော်တွေကလည်း ပြန်လည် ကြိုဆိုသွားလိမ့်မယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်က ခုထိတော့ သိပ်ပြီး မရေရာသေးပဲ Adidas ဘက်ကလည်း သူတို့လို စပွန်ဆာတစ်ခုအနေနဲ့ ကလပ်အသင်းရဲ့ ကစားသမား အသုံးပြုအတွက်ကိုပါ စွက်ဖက်လို့ မရနိုင်ကြောင်း The Sun သတင်းစာဆီ ပြောဆိုထားခဲ့ပါတယ်။