မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် လူငယ်တိုက်စစ်မှူးလေးဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်ကတော့ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ အတော်လေးကိုရရှိထားခဲ့ပြီး သူ့ကိုနေရာပေးခဲ့တဲ့ပွဲတွေအတွင်းမှာလည်း အသင်းအတွက် သွင်းဂိုးတွေကို အများအပြား သွင်းယူပေးနိုင်ခဲ့ရာ အခုဆိုရင် သူရဲ့စီနီယာနောင်တော်ကစားသမားတွေဖြစ်ကြတဲ့ ဝိန်းရူနီနဲ့ မားကပ်ရပ်ဖိုဒ့်တို့ရဲ့ စံချိန်မှတ်တမ်းတွေကိုပါ ကျော်ဖြတ်နိုင်ခဲ့တဲ့အထိကို သွင်းဂိုးတွေဆက်တိုက်ရယူထားနိုင်ခဲ့ပါတယ်။

အသက်၁၈နှစ်သာရှိသေးတဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပထမအကျော့ပွဲစဉ်အတွင်းမှာ LASK အသင်းဘက်ကို စတုတ္ထမြောက်သွင်းဂိုးရယူပေးခဲ့ပြီးနောက် သူရဲ့ဒီရာသီအတွင်း သွင်းယူထားနိုင်ခဲ့တဲ့ ယူရိုပါလိဂ်သွင်းဂိုးဟာ (၅)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းအတွက် တစ်ရာသီတည်းအတွင်း ဥရောပပြိုင်ပွဲတစ်ခုမှာ အနည်းဆုံးသွင်းဂိုး(၅)ဂိုးရယူနိုင်ခဲ့တဲ့ ပထမဆုံးသော ဆယ်ကျော်သက်ကစားသမားတစ်ယောက်ဖြစ်ခဲ့ကာ ရူနီနဲ့ရပ်ဖိုဒ့် တင်ရှိထားခဲ့တဲ့ စံချိန်တွေကို အသီးသီးရိုက်ချိုးနိုင်ခဲ့ပါတယ်။

ဒါတွေတင်မသေးပဲ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၂)ဂိုးအထိ ရယူထားနိုင်ခဲ့ပြီး လူငယ်အသင်းအတွက်ကိုလည်း ဂိုးတွေသွင်းယူပေးနေသူလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဒီရာသီမှာ လူကာကူနဲ့ ဆန်းချက်ဇ်တို့လို အဓိက တိုက်စစ်ကစားသမားတွေနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ တိုက်စစ်မှူးသစ် ခေါ်ယူခဲ့ခြင်းမရှိပဲ အကယ်ဒမီထွက်ကစားသမားလေးဖြစ်တဲ့ ဂရင်းဝုဒ်ကိုပဲ မာစီယဲလ် ရပ်ဖိုဒ်နဲ့အတူ တိုက်စစ်မှာ နေရာပေးလာခဲ့ကာ ဂရင်းဝုဒ်ကလည်း သူကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၅)ဂိုး ယူရိုပါလိဂ်သွင်းဂိုး(၅)ဂိုး လိဂ်ဖလားသွင်းဂိုး(၁)ဂိုးနဲ့ အက်အေဖလားသွင်းဂိုး(၁)ဂိုးစီ ရယူပေးထားနိုင်ခဲ့ပါတယ်။