ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်လာဖို့ လိုအပ်ချက်တစ်ခုတည်းသာ ရှိတော့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ သွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ဘုန်းမောက်အသင်းကို ၅ဂိုး ၂ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရရှိခဲ့သလို ဂရင်းဝုဒ်ဟာလည်း အဆိုပါပွဲစဉ်မှာ မန်ယူ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို အသင်းအတွက်လည်း သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: United Arena

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဖြစ်ပေမယ့် အဆိုပါပွဲစဉ်မှာ သွင်းဂိုးအရင်ဆုံး ရခဲ့တဲ့အသင်းဟာ ဘုန်းမောက်အသင်း ဖြစ်ပြီး ပွဲချိန် ၁၅မိနစ်မှာပဲ စတိန်းနစ်လက် က ဘုန်းမောက်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးရပြီးနောက် မှာတော့ မန်ယူအသင်းရဲ့ ကစားပုံဟာ ပိုမို ကောင်းမွန်လာခဲ့ပြီး ၂၉မိနစ်မှာ ဂရင်းဝုဒ် ၊ ၃၅ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ရက်ဖို့ဒ်နဲ့ ၄၇ မိနစ်မှာ မာရှယ်တို့က အသီးသီး သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ မန်ယူနောက်ခံလူ ဘိုင်လီရဲ့ အမှား ကနေ တဆင့် ဘုန်းမောက်ဟာ ပင်နယ်တီ ကန်ခွင့်ရခဲ့သလို တိုက်စစ်မှူး ကင်းဟာလည်း ပင်နယ်တီကို အကောင်းဆုံး အသုံးချခဲ့ပါတယ်။ ပွဲချိန် ၅၄မိနစ်မှာတော့ ဂရင်းဝုဒ်က မန်ယူ အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန် ၅၉မိနစ်မှာတော့ ဖာနန်ဒက်က ပွဲသိမ်းဂိုးကို ပြစ်ဒဏ်ဘော​ ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။

Photo Credit: United Arena

ဘုန်းမောက်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ ဆိုးလ်ရှားက အသင်းကို ကယ်ဆယ်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ် ကို ချီးကျူးသွားခဲ့ပြီး ဂရင်းဝုဒ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်လာဖို့ ခေါင်းတိုက်သွင်းဂိုးတွေ ရရှိအောင် လေ့ကျင့်ဖို့သာ ကျန်တော့တယ်လို့ ဂရင်းဝုဒ်ရဲ့ လိုအပ်ချက်ကို ထောက်ပြသွားခဲ့ပါတယ်။ ဆိုးလ်ရှားက ” ဂရင်းဝုဒ်ဟာ ပင်ကိုယ် စွမ်းရည်ရှိတဲ့ ကစားသမားပါ။ ပြီးတော့ သူက အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူက ပိုပိုပြီး ကောင်းလာသလို ကွင်းတွင်း ၊ ကွင်းပြင်မှာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း မှန်ကန်မှုတွေ ရှိလာပါပြီ။ သူဟာ အရမ်းထူးခြားတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ ဘယ်ခြေနဲ့ ဂိုးသွင်းနိုင်သလို ညာခြေနဲ့လည်း ဂိုးသွင်းနိုင်ပါတယ်။ ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ရင်တော့ သူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်ပါပြီ ” လို့ အကြံပေးသွားခဲ့ပါတယ်။