MySport Myanmar

မာဆေးလ်ကို ပေါ့ဘာ ရောက်လာရင် သိပ်ကောင်းမှာပဲလို့ ဆိုလိုက်တဲ့ ဂရင်းဝုဒ်

မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်က လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ အသင်းဖော်ဟောင်းဖြစ်သူ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာ မာဆေးလ်အသင်းဆီကိုသာ ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီနွေမှ မန်ချက်စတာ ယူနိုက်တက်ကနေ မာဆေးလ်အသင်းဆီ ပြောင်းလာခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မာဆေးလ်မှာ အကောင်းဆုံး စွမ်းဆောင်ပြနေရင်း လီဂူးသွင်းဂိုး (၁၃)ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ဒီရာသီ လီဂူးဝမ်း ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Photo Credit : Goal

ဂရင်းဝုဒ်က မာဆေးလ်နဲ့ တောက်ပနေချိန် ဂရင်းဝုဒ်ရဲ့ အသင်းဖော်ဟောင်း ပေါ့ဘာကတော့ တားမြစ်ဆေး သုံးစွဲမှုကြောင့် (၄)နှစ်ပွဲပယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အယူခံ အောင်မြင်ခဲ့လို့ (၁၈)လအထိ လျော့ပေါ့ခံလိုက်ရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေကြောင့် ဂျုဗင်တပ်စ်ဘက်က ပေါ့ဘာနဲ့ စာချုပ်ဖျက်သိမ်းဖို့ စီစဉ်ခဲ့တာကြောင့် ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာပဲ ပေါ့ဘာက free agent player ဖြစ်ခဲ့ရပါတယ်။

ပြစ်ဒဏ်လျော့ပေါ့ခံရတဲ့ ပေါ့ဘာက လာမယ့် မတ်လမှာပဲ တရားဝင် ဘောလုံးပြန်ကစားခွင့် ရရှိတော့မှာ ဖြစ်ပေမယ့် အခုထိ အသင်းသစ်တစ်သင်း ရှာမတွေ့နိုင်သေးဘဲ အသင်းတွေနဲ့သာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေရပါတယ်။ ပေါ့ဘာနဲ့ သတင်းအထွက်ဆုံး အသင်းကတော့ လီဂူးကလပ် မာဆေးလ်အသင်းပါ။

Photo Credit : Goal

မာဆေးလ်က နွေမှာလည်း ဂရင်းဝုဒ် အပါအဝင် ကစားသမားသစ် များစွာကို ခေါ်ယူခဲ့ပြီး အခုလည်း ပြင်သစ် ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဘာကိုပါ အလွတ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ပေါ့ဘာ အခြေအနေနဲ့ ပတ်သက်ပြီး ဂရင်းဝုဒ်က “ပေါလ်က တကယ့်ကို ထိပ်တန်းကစားသမား ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားပါ။”

“နောက်ပြီး သူက ကျွန်တော့်ကိုလည်း ထောက်ပြပေးခဲ့သူ လမ်းညွှန်ပေးနိုင်ခဲ့တယ်။ သူ့လို ထိပ်တန်း ကစားသမားတစ်ဦးကို ဥရောပ ဘယ်ကလပ်အသင်းမဆို လိုချင်ကြမှာ။ သူ ဒီကိုသာ ရောက်လာခဲ့မယ်ဆိုရင်လည်း သိပ်ကောင်းမှာပဲ။” လို့ ဆိုလိုက်ပါတယ်။ မတ်လမှာ ဘောလုံးကစားရတော့မယ့် ပေါ့ဘာက ဖေဖော်ဝါရီလလောက်မှာပဲ အသင်းသစ် တစ်သင်းကို သေချာ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version