MySport Myanmar

လိုင်ယွန်ကို (၁၀)ယောက်တည်းနဲ့ အနိုင်ယူခဲ့တာက ထူးခြားတယ်လို့ ဂရင်းဝုဒ် ဆို

မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်က လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ သူတို့အသင်းဘက်က ကစားသမား ထုတ်ပယ်ခံခဲ့ရပြီး (၁၀)ယောက်တည်းနဲ့ ဆက်ကစားရင်း နိုင်ပွဲပါ ရယူနိုင်ခဲ့တာက တကယ်ကို ထူးခြားတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းက Reims အသင်းကို တစ်ဂိုးစီ သရေကျထားခဲ့တာမို့ ဒါက မာဆေးလ်အတွက် အခွင့်အရေး ဆိုပေမယ့်လည်း သူတို့ ရင်ဆိုင်ရတဲ့ အသင်းက လိုင်ယွန်လို အသင်းဖြစ်နေတာကြောင့် အကြိတ်အနယ် ကစားခဲ့ရပြီး နာကျင်အချိန်ပိုတွေထိ ဂိုးတွေ အပြိုင်သွင်းရင်း နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : BeSoccer

ဒီပွဲမှာ မာဆေးလ် နောက်ခံလူ ဘလာဒီက ပွဲကစားချိန် (၅)မိနစ်လေးမှာပဲ (၂)ဝါ(၁)နီနဲ့ စောစောစီးစီး ထုတ်ပယ်ခံလိုက်ရလို့ မာဆေးလ်တို့ (၁၀)ယောက်တည်းနဲ့ လက်ကျန်ပွဲတွေကို ဆက်ကစားရင်း ပထမပိုင်း အချိန်ပိုမှာ လိုင်ယွန်ဘက်က ပင်နယ်တီ ကန်ခွင့်ရပေမယ့် ဒါကို လာကာဇက်က ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။

ဒုတိယပ်ိုင်းကတော့ တကယ်ကို ဒရာမာဆန်ခဲ့ရပြီး လိုင်ယွန်က ဦးဆောင်တာကို မာဆေးလ်က ပြန်ချေပ မာဆေးလ်က ပြန်ဦးဆောင်တာကို လိုင်ယွန်က နာကျင် အချိန်ပို (၃)မိနစ်မှာ ပြန်ချေပပြီး(၂)ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခါနီးမှာပဲ မာဆေးလ်က ဂျိုနသန်ရိုးရဲ့ အသည်းခွဲဂိုးနဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီပွဲမှာ ဂရင်းဝုဒ်က ဂိုးပေါက်ပျောက်ခဲ့ရပေမယ့် မာဆေးလ် တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာလည်း “ကစားသမား (၁၀)ယောက်တည်း ဖြစ်သွားချိန်မှာတောင် စိတ်ဓါတ် လုံးဝ မကျသွားပဲ ကစားနိုင်ခဲ့တယ်။ ထူးခြားမှုတွေ အပြည့်နဲ့ နိုင်ပွဲက တကယ့်ကို မယုံနိုင်စရာပါပဲ။” လို့ သူရဲ့ အင်စတာဂရမ်ပေါ်ကနေ ဖော်ပြသွားပါတယ်။

ဂရင်းဝုဒ်ဟာ လက်ရှိမှာ လီဂူးဝမ်း (၂)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်ထားပေမယ့် (၅)ပွဲကစား (၅)ဂိုးသွင်းထားခဲ့ပြီး ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း ထိပ်ဆုံးနေရာကနေပဲ ဆက်လက် ရပ်တည်နေပါတယ်။

Exit mobile version