MySport Myanmar

အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်နေပေမယ့် ဂီတာဖေးမှာပဲ ပျော်ရွှင်တယ်လို့ ဂရင်းဝုဒ် ဆို

သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျက် ရှိနေပေမယ့်လည်း လက်ရှိမှာတော့ သူ့အနေနဲ့ လက်ရှိကလပ် ဂီတာဖေးအသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ မေဆန် ဂရင်းဝုဒ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဒီနွေမှ မန်ချက်စတာ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားချခံခဲ့ရပြီး ဂရင်းဝုဒ်အနေနဲ့လည်း ဂီတာဖေးနဲ့အတူ လာလီဂါမှာ တောက်ပနေနိုင်လို့ ဥရောပထိပ်တန်း ကလပ်တွေပါ စိတ်ဝင်စားလာကြပါတယ်။

Photo Credit : United in Focus

ဂီတာဖေးရဲ့ ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဂရင်းဝုဒ်က ဒီရာသီမှာ ဂီတာဖေးအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ကစားထားပြီးချိန်မှာ (၅)ဂိုးသွင်း (၄)ဂိုးဖန်တီးထားတာကြောင့် ယူနိုက်တက်ရဲ့ လက်ရှိ တိုက်စစ်ကစားသမားတွေထက်ပင် ပိုမို စွမ်းဆောင်ထားနိုင်ပါတယ်။

ဒါကြောင့်လည်း ဂရင်းဝုဒ်ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် အသက်လက်တီကိုတို့က စိတ်ဝင်စားလာတယ်လို့ သတင်းထွက်လာခဲ့ပြီး ဂရင်းဝုဒ်ကတော့ ဂီတာဖေးမှာသာ ပျော်ရွှင်နေတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ “အရာ အားလုံးက အဆင်ပြေနေပါတယ်။ ကျွန်တော် ဒီမှာ လျင်လျင်မြန်မြန်နဲ့ပဲ အထိုင်ကျသွားခဲ့ရတယ်။”

Photo Credit : TEAMtalk

“ကျွန်တော့်အသင်းဖော်တွေကလည်း ကျွန်တော့်အတွက် ကာကွယ်မှုတွေ လုပ်ဆောင်ပေးကြတယ်။ ဒီကို စရောက်လာချိန် ကတည်းကနေ ပိုပိုပြီး ပျော်ရွင်လာရတယ်။ လေ့ကျင့်ခန်းတွေဆင်းတယ်။ ပွဲတွေ ကစားရတယ်။ ဒါကို ပျော်ရွှင်မိတယ်။ အသင်းပရိသတ်တွေကလည်း ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ်။”

“အခုချိန်ထိ အကောင်းဆုံး ခံစားချက်က ဒီကွင်းထဲမှာ ကျွန်တော်ရဲ့ ပထမဆုံးဂိုး သွင်းယူလိုက်နိုင်ချိန်ဖြစ်ပြီး အဲ့ဒါကလည်း ကျွန်တော့်အတွက် အဓိပ္ပာယ် အများကြီးကို ရှိပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်။ ကျွန်တော့်ကိုလည်း အမြဲတမ်း အသိအမှတ်ပြုပေးကြတယ်။ အဲ့ဒီအတွက်လည်း ပရိသတ်တွေကို အမြဲ ကျေးဇူးတင်မိပါတယ်။” လို့ ဂရင်းဝုဒ်က ပြောဆိုခဲ့ပါတယ်။

Exit mobile version