မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်လေး မေဆန်ဂရင်းဝုဒ်ကတော့ မနေ့ညက အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့သလို အဲ့ဒီဂိုးကြောင့်လည်း သူရဲ့ ယူနိုက်တက်စီနီယာကြီးဖြစ်တဲ့ ဝိန်းရွန်နီ ရယူထားနိုင်ခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပါ ကျော်ဖြတ်နိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဂရင်းဝုဒ်ဟာ ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်မှု ပြန်ရစေမယ့် သွင်းဂိုးကို သွင်းယူပြီးနောက် သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းက (၁၆)ဂိုးအထိ ရှိသွားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀)ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဒီရာသီအတွင်းမှာလည်း (၆)ဂိုးသွင်းယူထားနိုင်တာကြောင့် ရွန်နီရဲ့ ဆယ်ကျော်သက် ကစားသမားဘဝအတွင်း သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို ကျော်လွန်သွားခဲ့ရပါတယ်။

Photo Credit : Fotmob

လက်ရှိမှာ ဒါဘီကောင်တီနည်းပြအဖြစ်နဲ့ တာဝန်ယူဆောင်ရွှက်နေတဲ့ ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းမှာ ကစားသမားဘဝနဲ့ ကျင်လည်ခဲ့စဉ်အတွင်း အသက်(၂၀)ပြည့်ချိန်မှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၅)ဂိုး သွင်းယူခဲ့ပြီး ယူနိုက်တက်အသင်း သမိုင်းတလျှောက် ဆယ်ကျော်သက်ကစားသမားတွေထဲမှာ ဂိုးအများဆုံး သွင်းယူခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီစံချိန်ကို အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဂရင်းဝုဒ်က သွင်းဂိုး(၁၆)ဂိုး ရွန်နီထက် (၁)ဂိုးကျော်လွန်ပြီး စံချိန်ရိုက်ချိုးနိုင်ကာ စံချိန်သစ်တစ်ခုကိုပါ စိုက်ထူသွားနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးစွမ်းရည်တွေ ကျဆင်းနေပေမယ့်လည်း လက်စတာအသင်းနဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲကနေစတင်ပြီး ဗီလာနဲ့ပွဲအထိ ပြိုင်ပွဲစုံမှာ သွင်းဂိုးပေါင်း (၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ပိုင်ဆိုင်နေပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၈)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၁)ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုကိုလည်း (၆)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ အသင်းနဲ့အတူ ယူရိုပါလိဂ်ဆုဖလားကို ရယူသွားဖို့ပါ အခြေအနေကောင်းနေပါတယ်။