ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အားထားရတဲ့ ဘယ်နောက်ခံ ကစားသမား လုခ်ရှောနဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်တို့ဟာ ယနေ့ည ၁နာရီ ၄၅မိနစ်အချိန် မှာ ယှဉ်ပြိုင် ကစားကြမယ့် ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားဖို့ မသေချာ ၊ မရေရာတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန် အသင်းကို သရေကျထားတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် ယခုညမှာ ကစားမယ့် ပဲလေ့စ်အသင်းနဲ့ ပွဲကို မဖြစ်မနေ အနိုင်ကစားရမယ့် အနေအထားမှာ ရှိလို့ နေပါတယ်။

Photo Credit: Metro

လုခ်ရှောနဲ့ ဂရင်းဝုဒ်တို့ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် အားထားရတဲ့ ကစားသမား နှစ်ဦး ဖြစ်တာကြောင့် သူတို့နှစ်ဦး မပါဝင်နိုင်ပါက မန်ယူအသင်းရဲ့ ကစားသမား အင်အားဟာ အနည်းငယ် အားလျော့သွားနိုင်သလို နည်းပြ ဆိုးလ်ရှားအတွက် လည်း ပွဲထွက်လူစာရင်းကို ရွေးချယ်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ လုခ်ရှောနဲ့ ဂရင်းဝုဒ် နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပြီး ဆေးစစ်မှုတွေအရ ဒဏ်ရာတွေဟာ သိပ်ပြီး မပြင်းထန်လှပေမယ့် ရက်ကပ် နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်ကိုတော့ ပါဝင် ကစားနိုင်ဖို့ အခွင့်အရေး နည်းပါးနေပါတယ်။ မန်ယူအသင်းရဲ့ ဆေးမှတ်တမ်း အရ လုခ်ရှောနဲ့ ဂရင်းဝုဒ်တို့ဟာ ခြေကျင်းဝတ် ဒဏ်ရာတွေကို ရရှိထားတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Metro

ဂရင်းဝုဒ်နဲ့ လုခ်ရှောတို့ရဲ့ ဒဏ်ရာ ပြဿနာ အခြေအနေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက ” လုခ်ရှောကို တတ်နိုင်သမျှ အချိန်ပေးသွားမှာပါ။ လုခ်ရှောနဲ့ မေဆန်(ဂရင်းဝုဒ်)ရဲ့ ခြေကျင်းဝတ် နှစ်ခုစလုံးက ဖူးယောင်နေပါတယ်။ ပြီးတော့ နည်းနည်းလေး သတိထားရမယ့် အနေအထားမှာ ရှိပါတယ်။ အခုချိန်မှာ သူတို့နှစ်ဦးစလုံးကို အနားပေးထားပြီးတော့ ပွဲအတွက် အဆင်သင့် ဖြစ် ၊ မဖြစ်ကို စောင့်ကြည့်နေပါတယ်။ ဝီလီယံ ကတော့ အဆင်ပြေပါတယ်။ သူ့ရဲ့ မျက်လုံး အပေါ်မှာ ကွဲသွားခဲ့ပေမယ့် အခုချိန်မှာ သူ့ရဲ့ အမြင်တွေက ရှင်းနေပါပြီ။ အခု မနက်အထိ တော့ ကျွန်တော်တို့တွေ လေ့ကျင့်ခန်း မဆင်း ရသေးပါဘူး။ သူတို့ ၃ယောက်ထဲက ၂ယောက် ဒါမှမဟုတ် ၃ယောက်လုံး ပြန်သက်သာလာဖို့ မျှော်လင်ထားပါတယ် ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။