ဒီနွေဈေးကွက်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ဟာ အခုဆိုရင် မာဆေးလ်နဲ့အတူ လီဂူးပွဲ (၃)ပွဲ ကစားထားပြီးချိန် (၃)ပွဲလုံးမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် ကစားသမားလေး ဂရင်းဝုဒ်ဟာ သူရဲ့ချစ်သူအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရရင်း အမှုရင်ဆိုင်ခဲ့ရပြီး အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာချိန်မှာတောင် ယူနိုက်တက်အသင်းဘက်က သူ့ကို ပြန်လည် ကစားခွင့်ပေးဖို့ မလွယ်တော့ပဲ ဂီတာဖေးအသင်းဆီ အငှားချခဲ့ရပါတယ်။

Photo Credit : Goal

ယူနိုက်တက် အကယ်ဒမီထွက်လည်းဖြစ်ပြီး ယူနိုက်တက် စီနီယာအသင်းအတွက်လည်း (၁၂၉)ပွဲအထိတောင် ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ဂရင်းဝုဒ်က ဂီတာဖေးအသင်းနဲ့အတူ စပိန် လာလီဂါမှာ အကောင်းဆုံး ဖြတ်သန်းခဲ့ပြီး ဂီတာဖေးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူး ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဂီတာဖေးမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကို ကလပ်အသင်း များစွာက ခေါ်ယူသွားဖို့ စိတ်ဝင်စားခဲ့ကြပြီး ဒီအသင်းတွေထဲကမှ နည်းပြ ရောဘတ်တို ဒီဇာဘီ ကိုင်တွယ်နေတဲ့ ပြင်သစ် လီဂူးဝမ်းကလပ် မာဆေးလ်အသင်းက ဂရင်းဝုဒ်ကို ယူရို (၂၆)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : L’Equipe

မာဆေးလ်ကစားသမားအဖြစ် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ပွဲဦးထွက်ခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ ပွဲချိန် (၃)မိနစ်အကြာမှာပဲ မာဆေးလ်အတွက် ပထမဆုံးဂိုး ကစားသမားဘဝရဲ့ ပထမဆုံး လီဂူးသွင်းဂိုးတို့ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်က သူရဲ့ မာဆေးလ် ကစားသမားဘဝ ပထမဆုံးသော ပွဲစဉ်မှာပဲ သွင်းဂိုး (၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပွဲစဉ်ဖြစ်တဲ့ Reims အသင်းနဲ့ ပွဲစဉ်မှာလည်း သူရဲ့ မာဆေးလ်အသင်းက နိုင်ပွဲမရခဲ့ပေမယ့် ဂရင်းဝုဒ်ကတော့ မာဆေးလ်အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခု တတိယမြောက်ပွဲ တူးလူးအသင်းနဲ့ ပွဲစဉ်မှာတော့ ဂရင်းဝုဒ်က မာဆေးလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုးကို သွင်းယူရင်း အသင်းကိုပါ နိုင်ပွဲ ရယူပေးခဲ့ပါတယ်။ အခုဆို ဂရင်းဝုဒ်ဟာ လီဂူးသွင်းဂိုး (၅)ဂိုးအထိ ရှိလာပြီမို့ လီဂူး ဂိုးသွင်းအများဆုံး ကစားသမားဆုကိုပါ မျှော်မှန်းလာနိုင်ပြီ ဖြစ်ပါတယ်။