ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တက်သစ်စ လူငယ် ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ မေဆန် ဂရင်းဝုဒ် ကတော့ သူဟာ သူ့ရဲ့ စီနီယာ တစ်ဦးဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်ကို အတုယူကာ ကြိုးစား နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ ရက်ဖို့ဒ် ၊ ပေါ့ဘာ ၊ လင်ဂတ် ၊ တော်မီနေး ၊ ဘရန်ဒန် ဝီလီယံတို့နည်းတူ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာကာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူစာရင်းမှာ နေရာတစ်ခုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စတင် ပါဝင် ကစားခွင့် ရရှိခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁၉ဂိုး သွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ် နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဂရင်းဝုဒ်ဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် အသင်းအတွက် အားထားရမယ့် ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီး လက်ရှိအချိန် မှာတော့ ဂရင်းဝုဒ်က သူဟာ စီနီယာ ကစားသမား တစ်ဦးဖြစ်တဲ့ မားကပ်ရက်ဖို့ဒ်ကို အတုယူကာ ကြိုးစား နေကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူငယ် ကစားသမားတွေကို နေရာပေးတတ်တဲ့ ကလပ်အသင်း တစ်သင်းဖြစ်ကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Express

ရက်ဖို့ဒ်ကို အတုယူကာ ကြိုးစားနေကြောင်းကို ဂရင်းဝုဒ်က “ သူ(ရက်ဖို့ဒ်)က ကျွန်တော်နဲ့ ပုံစံတူပဲ အသင်းရဲ့ စနစ်ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးပါ။ သူက ကျွန်တော့်ကို အများကြီး အကူအညီ ပေးပါတယ်။ သူနဲ့ သိကျွမ်းခွင့် ရတာက အရမ်းကို ကောင်းပါတယ်။ သူက ကျွန်တော့်ရဲ့ နေရာမှာ ကစားတဲ့သူ ဖြစ်တာကြောင့် တိုက်စစ်မှူးနေရာမှာ ကစားရင် ဘယ်လို ခံစားရလဲဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်နဲ့ ကစားပုံ ဆင်တူတဲ့ ကစားသမား တစ်ဦးနဲ့ တွဲဆော့ရတာက အရမ်းကို ကောင်းပါတယ်။ သူက ခေါင်းဆောင်ကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးက သူ့အတွက် ဂုဏ်ယူနေကြပြီး လူတွေကို သူ ကူညီနေတာတွေက တကယ့်ကို အံ့အားသင့်စရာပါပဲ” လို့ ပြောကြား သွားခဲ့ပါတယ်။