ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ လာလီဂါကလပ် ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ထားခဲ့ရသူ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ အခုတစ်ပတ် လာလီဂါပွဲစဉ်မှာပဲ ဂီတာဖေးအတွက် စတင် ကစားပေးရဖွယ် ရှိနေပါတယ်။

ဂရင်းဝုဒ်က အတူနေချစ်သူအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် အမှု ရင်ဆိုင်ခဲ့ရရင်း နောက်ဆုံး မန်ယူနိုက်တက်မှာပါ ကစားသမားဘဝကို ရှေ့ဆက်လို့ မရတော့ရာကနေ နောက်ဆုံး ဂီတာဖေးအသင်းဆီသာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ရပါတယ်။

Photo Credit : The Guardian

အင်္ဂလန် နဲ့ မန်ချက်စတာမှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်ကို ဂီတာဖေးအသင်းဘက်က သေသေချာချာ ကြိုဆိုခဲ့ပြီး ဂီတာဖေး ပရိသတ်တွေကလည်း ဂရင်းဝုဒ်ကို သောင်းသောင်းဖျဖျနဲ့ ကြိုဆို အားပေးခဲ့ကြပါတယ်။

အခုဆိုရင် ဂီတာဖေးအသင်းက ဂရင်းဝုဒ် နာမည် ကျောနံပါတ်တို့ ပါဝင်တဲ့ ဂျာစီတွေကို အများအပြား ရောင်းချနေရတဲ့အပြင် အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ရလောက်တဲ့အထိ ဂရင်းဝုဒ်ရဲ့ ဂျာစီတွေကို ရောင်းချနေရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေမှာ ရှိနေတဲ့ ဂရင်းဝုဒ်ဟာ မကြာသေးခင်ကပဲ ဂီတာဖေးအသင်းနဲ့ လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်လို့နေပြီ ဖြစ်ပြီး ဂီတာဖေး နဲ့ အိုဆာဆူနာအသင်းတို့ ယှဉ်ပြိုင်သွားကြမယ့် လာလီဂါပွဲစဉ်မှာပဲ အသင်းအတွက် ပွဲထွက် ကစားရဖို့ ရှိနေပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်အသင်း ပရိသတ်တွေက ဂရင်းဝုဒ်ကို အားပေးဖို့အတွက် ဂီတာဖေးအသင်းရဲ့ ပွဲစဉ်တွေကို စောင့်ကြည့် အားပေးသွားဖို့ အဆင့်သင့် ဖြစ်နေကြပြီး ဂီတာဖေးမှာ တစ်ရာသီ အငှားကစားပြီးရင်လည်း အသင်းနဲ့ ပြန်လည် လက်တွဲနိုင်ဖို့ မျှော်လင့်နေကြပါတယ်။