ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ လူငယ် ကြယ်ပွင့်တစ်ဦး ဖြစ်တဲ့ ဂရင်းဝုဒ်ဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့် မန်ယူအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံထားရတာ ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မန်ယူအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၁၉ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ၅ဂိုးအထိ ဖန်တီး ပေးနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ အင်္ဂလန်အသင်း အတွက် အရေးပါမယ့် ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ် ခံထားရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဂရင်းဝုဒ်ဟာ အိုက်စလန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့ကြတဲ့ နိုင်ငံတကာပွဲစဉ် အတွင်းမှာ အသင်းဖော် ဖိုဒန်နဲ့ အိုက်စလန် နိုင်ငံအတွင်းမှာ ချမှတ်ထားတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေး စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အသင်းကနေ အင်္ဂလန်ကို ပြန်ပို့ခံခဲ့ ရပါတယ်။ အဲ့ဒီနောက် မန်ယူအသင်းနဲ့ ကစားခွင့် ရခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိသလို နောက်ဆုံး ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဉ်မှာလည်း အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ ရပါတယ်။ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ဂရင်းဝုဒ် တစ်ယောက် မကစားရတာဟာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ ပြောခဲ့ပေမယ့် နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဂရင်းဝုဒ်တစ်ယောက် မန်ယူအသင်းရဲ့ လူစာရင်းနဲ့ ဝေးကွာနေရတာဟာ စည်းကမ်းပိုင်း မလိုက်နာမှုကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။

စည်းကမ်း

အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ဟာ မန်ယူအသင်းက​နေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ သတိပေးမှုတွေကို ခံထားရသလို အသင်းရဲ့ လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရတာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ မန်ယူအသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းတွေအပေါ် အတည်ပြု ပေးထားပြီး မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဂရင်းဝုဒ်ကို ယခုထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်လာအောင် ပြုစု ပျိုးထောင် ပေးချင်တာကြောင့် စည်းကမ်းပိုင်း အားနည်းမှုတွေကို ပြုပြင် ပေးနေကာ ဂရင်းဝုဒ်ဟာလည်း မန်ယူအသင်းကနေ သူ့ကို ချမှတ်ထားတဲ့ အပြစ်ပေးမှုတွေကို နားလည်ပြီး ပွဲထွက်ခွင့် ပြန်လည် ရရှိအောင် ကြိုးစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနကို ဖွင့်ဟ ထားကြပါတယ်။