MySport Myanmar

ဂီတာဖေးအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက်အသင်းကနေ လာလီဂါကလပ် ဂီတာဖေးအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားနေရတဲ့ မေဆန် ဂရင်းဝုဒ်ဟာ အခုဆိုရင် ဂီတာဖေးအတွက် အလွန် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

အတူနေ ချစ်သူမိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ စွဲချက်အတင်ခံရပြီး ပြန်လည် လွတ်မြောက်လာခဲ့တဲ့ အင်္ဂလန် လူငယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ သူရဲ့မိခင်ကလပ် ယူနိုက်တက်မှာ ကစားခွင့် ပြန်ရဖို့ ခက်ခဲနေတုန်းမှာပဲ ဂီတာဖေးအသင်းဆီ အငှားနဲ့ သွားကစားခဲ့ရပါတယ်။

Photo Credit : beIN SPORTS

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဗန်ပါစီလက်သစ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ အခုဆိုရင် ဂီတာဖေးအသင်းအတွက် လာလီဂါ (၁၀)ပွဲအထိ ကစားထားနိုင်ခဲ့ပြီဖြစ်ပြီး အဲ့ဒီ (၁၀)ပွဲအတွင်းမှာပဲ အသင်းအတွက် သွင်းဂိုး (၂)ဂိုး ဂိုးဖန်တီးမှု (၃)ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဂီတာဖေးအသင်းမှာ ဘယ်တောင်ပံ ညာတောင်ပံ အထောင်တိုက်စစ် နဲ့ ကွင်းလယ်ဘယ်ခြမ်းထိပါ ကစားခဲ့သေးတဲ့ ဂရင်းဝုဒ်က အခုဆိုရင်ပဲ ဂီတာဖေးအသင်းရဲ့ နောက်ဆုံး လာလီဂါ (၆)ပွဲဆက်တိုက်အထိ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရင်း အသင်းကိုပါ အကောင်းဆုံး အကျိုးပြုထားနိုင်ခဲ့ပါတယ်။

Photo Credit : The Mirror

အခုဆို ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲအထိ ကစားထားပြီးချိန် သွင်းဂိုး (၄)ဂိုး ဂိုးဖန်တီးမှု (၃)ကြိမ် လုပ်ဆောင်ထားပြီး ဂိုးပါဝင်ပတ်သက်မှု (၇)ဂိုးနဲ့ စွမ်းဆောင်ထားကာ ဂီတာဖေးအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

ဒါကြောင့်လည်း ဂီတာဖေးအနေနဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်ဆီကနေ အပြီးသတ် ခေါ်ယူဖို့ ဒါမှမဟုတ် အငှားသက်တမ်း တိုးမြှင့်ဖို့ ကြိုးပမ်းလျက် ရှိနေသလို ယူနိုက်တက်ဘက်ကလည်း လက်ရှိ အသင်းက တိုက်စစ်ကစားသမားတွေထက် ပိုမို ဂိုးမြူးနေတဲ့ အကယ်ဒမီထွက် ကစားသမားလေးကို အသင်းဆီ ပြန်ခေါ်မလား လက်လွတ်လိုက်တော့မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version