အခုလို ဘောလုံးပွဲတွေနဲ့ ကင်းကွာနေချိန်မှာ ကျွန်တော်တို့ရဲ့ MySport Myanmar ပရိသတ်တွေလည်း ပျင်းရိနေကြမယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့လည်း ရေးစရာသတင်းနည်းလာတာနဲ့ ကြည့်စရာဘောပွဲတွေမရှိတာမို့ ဒီအခိုက်အတန့်က ကျွန်တော်တို့အတွက် အတော်လေးကို ခက်ခဲနေခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပုံမှန်တင်ဆက်ပေးနေကြ ဘောလုံးဗဟုသုတ အစီအစဉ်ကနေ ဆုဖလားတွေမပိုင်ဆိုင်ခဲ့ပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတဲ့ နာမည်ကျော်တိုက်စစ်မှူးကြီးတစ်ယောက်အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။ သူကတော့…

Photo Credit : Football365

သူကတော့ ဒီနာတယ်လီပါ။ လက်ရှိမှာ အသက်(၄၂)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ အီတလီလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး ဒီနာတယ်လီက အူးဒီးနီးစ်အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားသွားခဲ့တဲ့ တကယ့်ကို Legend ကစားသမားကြီးတစ်ယောက်ဖြစ်ပြီး အသက်(၃၀)ကျော်လောက်မှာပဲ သူရဲ့အကောင်းဆုံးသောခြေစွမ်းတွေကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ အမ်ပိုလီလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အီတလီသားဟာ အမ်ပိုလီမှာ (၈)နှစ်ကြာ ဖြတ်သန်းပြီးနောက် ၂၀၀၄ခုနှစ်မှာတော့ အူဒီးနီးစ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ အူဒီးနီးစ်မှာ ဒီနာတယ်လီဟာ ဘောလုံးရာသီ(၁၂)ခုအထိကြာမြင့်အောင် ပါဝင်ကစားနိုင်ခဲ့ကာ အသင်းရဲဲ့ဂန္တဝင်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Zimbio

ပြီးခဲ့တဲ့ (၄)နှစ်လောက်ကမှ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဒီနာတယ်လီဟာ သူရဲ့ကစားသမားဘဝအတွင်း အီတလီစီးရီးအေသွင်းဂိုးပေါင်း(၂၀၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် စီးရီးအေသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး အဆင့်(၆)နေရာကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ စီးရီးအေမှာ အတော်လေးကို တောက်ပနိုင်ခဲ့တဲ့ ဒီကစားသမားကြီးဟာ သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ အီတလီလက်ရွေးစင်အသင်းအတွက်လည်း ပါဝင်ကစားခွင်ခဲ့ရပြီး ၂၀၁၂ခုနှစ်မှာပဲ ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်ကို တတ်လှမ်းခဲ့ရပေမယ့် စပိန်ကို (၄)ဂိုးပြတ်နဲ့ ရှံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့သလို သူရဲ့ကလပ်အသင်း အူဒီးနီးစ်ကလည်း ဆုဖလားတွေနဲ့ နီးစပ်မှုမရှိလှတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ကာ တန်းမဆင်းရအောင်ပဲ ရုန်းကန်ခဲ့ရတဲဲ့ အသင်းဖြစ်နေတာကြောင့် ဒီနာတယ်လီဟာ ဘာဆုဖလားကိုမှ မကိုင်မြှောက်နိုင်ခဲ့ရပါဘူး။ စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး အကောင်းဆုံးကစားသမားဆုနဲ့ Fair Play ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒီနာတယ်လီဟာ အသက်(၃၆)နှစ်လောက်မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပေမယ့် ဆုဖလားတွေကိုတော့ ကိုင်မြှောက်ဖို့ကံတရားတော့ ပါမလာခဲ့ပဲ ကံဆိုးခဲ့ရပါတယ်။