လက်ရှိဘောလုံးရာသီမှာ နှစ်အတော်ကြာအောင် ဝေးကွာနေတဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ကို တန်းပြန်တက်လာခဲ့တဲ့ အက်စ်တွန်ဗီလာ အသင်းကတော့ ယခုနှစ်ဘောလုံးရာသီအကုန် မှာပဲ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းဆင်းရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်း တစ်သင်းပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ပွဲ ကစားပြီးထားချိန်မှာ အက်စ်တွန်ဗီလာအသင်းဟာ ၂၅မှတ်သာစုဆောင်းထားနိုင်ပြီး အဆင့်၁၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါ့ကြောင့်လဲ ရာသီကုန်မှာ အက်စ်တွန်ဗီလာအသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဟာ အသင်းပြောင်းဖို့အတွက် ရေပန်းစားနေကြတာ ဖြစ်ပါတယ်။

Photo Credit: Standard.com

ယခုနှစ် ဘောလုံးရာသီမှာ ဥရောပထိပ်သီး အသင်းတွေရဲ့ မျက်စိကျခြင်းကို ခံနေရတ​ဲ့ ကစားသမားကတော့ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင်လဲဖြစ် ၊ အဓိက ကစားသမားလဲ ဖြစ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ဖြစ်ပြီး ဂရီးလစ်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ အသင်းကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေသူပါ။ အသက် ၂၄နှစ်အရွယ် ဂရီးလစ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဗီလာလို ခြေစွမ်းအရ နိမ့်ပါးနေတဲ့ အသင်းမှာ ကစားခဲ့ရပေမယ့် ၂၅ပွဲကစားထားရာမှာ ၇ဂိုးသွင်းယူပြီး ၆ဂိုးအထိ ဖန်တီးပေးထားနိုင်သူဖြစ်ကာ အသင်းကို တန်းမဆင်းရအောင် ကြိုးစားပေးမယ်လို့ ကြုံးဝါးထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

အက်စ်တွန်ဗီလာအသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ ဂွီဘက်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ဟာ လာမယ့်နွေရာသီမှာ ထိပ်တန်းအသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့သွားမယ်လို့ ယုံကြည်နေကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဂရီးလစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဂွီဘက်က ” သူဟာ ထိပ်တန်း ကစားသမားပါ။ သူက လာမယ့်နွေရာသီမှာ ထိပ်သီးအသင်းတစ်သင်းကို ပြောင်းရွှေ့မယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာပါ။ လက်ရှိမှာတော့ ဂရီးလစ်ကို ခေါ်ယူဖို့ မန်ယူအသင်းက စိတ်ပါဝင်စားနေပြီး မန်ယူအသင်းဟာ ဂရီးလစ်ကို ခေါ်ယူနိုင်ဖို့ ရာသီမကုန်မီမှာပဲ ကြိုးပမ်းတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။