အက်စတွန်ဗီလာအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတွေမှာ ခြေစွမ်းပြသလျက်ရှိနေတဲ့ ကြယ်ပွင့်ကစားသမား ဂျက်ဂရီးလစ်ရှ်ကို လတ်တလောမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး တကယ်လို့သာ အသင်းတစ်သင်းကနေ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်းတစ်ရာလောက်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဗီလာအသင်းဘက်ကနေ ရောင်းချလာနိုင်တယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ယုံကြည်လျက်ရှိနေပါတယ်။

Photo Credit : Sky Sport

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကစားသမား ဂရီးလစ်ရှ်ဟာ အက်စတွန်ဗီလာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်နေသလို အရေးအပါဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်လို့နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗီလာအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၇)ဂိုး ဂိုးဖန်တီးမှု (၁၂)ကြိမ်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့သလို လက်ရှိမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ပါဝင်ဆင်နွဲနေရတဲ့ ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ဗီလာအသင်းဘက်ကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ဂရီးလစ်ရှ်ကို ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် စက်တင်ဘာလကပဲ (၅)နှစ်စာချုပ်အထိ တိုးမြှင့်ချုပ်ဆိုထားခဲ့တာကြောင့် အလွယ်တကူ ခေါ်ယူသွားဖို့ဆိုတာ မဖြစ်နိုင်ပဲ ပြောင်းရွှေ့ကြေးများစွာနဲ့ ကမ်းလှမ်းလာမှသာ လက်ခံလာဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းဖို့အတွက်ရော ဥရောပချန်ပီယံဆုကိုပါ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ဖို့အတွက် ဂရီးလစ်ရှ်လို အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးကို အလိုရှိနေပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေရတဲ့ ဘာနာဒိုဆေးဗားရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ မန်စီးတီးလိုပဲ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကလည်း ဂရီးလစ်ရှ်ကို စိတ်ဝင်စားလျက်ရှိနေပြီး ဒီလို အသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ ဂရီးလစ်ရှ်ကို ကလပ်အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ဗီလာအသင်းဘက်ကနေ ဂရီးလစ်ရှ်ကို လက်လွတ်လာဖွယ် ရှိနေတယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကနေ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။