MySport Myanmar

ယူရိုလူစာရင်းမှာ ရွေးချယ်မခံရခြင်းက သူ့အတွက် တွန်းအားတွေ ဖြစ်လာစေတယ်လို့ ဂရီးလစ်ရှ် ဆို

အင်္ဂလန် လက်ရွေးစင်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ဆင်နွဲခွင့် မရရှိခဲ့ခြင်းဟာ သူ့အတွက်တော့ စိတ်ပျက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေမယ့်လည်း တွန်းအားတစ်ခုပါ ဖြစ်လာစေတယ်လို့ မန်ချက်စတာ စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ယူရို-၂၀၂၀နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့ရပေမယ့်လည်း ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ပုံမှန်ပွဲကစားခွင့်တွေ နည်းပါးခဲ့ရသလို ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့ပါ ရုန်းကန်ခဲ့ရတဲ့ အခြေအနေတွေကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဂရီးလစ်ရှ်ကို အင်္ဂလန်ရဲ့ ယူရို-၂၀၂၄ လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

Photo Credit : Goal

အင်္ဂလန် နည်းပြဟောင်း ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရိုကစားသမားစာရင်းကနေ ဂရီးလစ်ရှ်အပြင် မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ဂျေဒန် ဆန်ချို ၊ ဟာဗေး အဲလိယက် ၊ ဂျိမ်းစ် မက်ဒီဆန်တို့လို ကစားသမားကောင်းတွေကိုပါ ချန်လှပ်ခဲ့ပြီး တကယ် အသုံးပြုသင့်တဲ့ ကစားသမားတွေကိုပါ ပြိုင်ပွဲ ပြီးဆုံးခါနီးလောက်မှသာ စတင် အသုံးပြုတာ ဖြစ်ပါတယ်။

ဒီလို လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အတော်လေးကို ကြေကွဲဝမ်းနည်းစွာ ခံစားခဲ့ရတယ်လို့ ဂရီးလစ်ရှ်က ထုတ်ဖော် ပြောဆိုခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ကနေ သူ့အတွက် motivation တွေ ရယူသွားရမယ်လို့လည်း ဂရီးလစ်ရှ်က ဆိုခဲ့ပါတယ်။ “ကျွန်တော် ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော့် ကစားသမားဘဝမှာ ကြုံခဲ့ဖူးသမျှတွေထဲကမှ အခက်အခဲဆုံးအရာ ဖြစ်နိုင်ပါတယ်။”

Photo Credit : The New York Times

“ဒါက ကျွန်တော့်အတွက် အတော်လေး ကြေကွဲဝမ်းနည်းရပါတယ်။ အားလပ်ရက်တွေမှာ ဘယ်နေရာပဲသွားသွား ဖုန်းဖွင့်လိုက်တဲ့အချိန် တီဗီဖွင့်လိုက်တဲ့အချိန်တွေတိုင်း ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ မြင်နေရတာဆိုတော့ ကျွန်တော့်အတွက် တကယ် ခက်ခဲပါတယ်။ အခု ကျွန်တော့်အတွက်ကတော့ ရှေ့ဆက်သွားဖို့ပဲ ရှိပါတော့တယ်။ ဒီဖြစ်ရပ်ကနေ လာမယ့်ရာသီမှာ ကျွန်တော့်အတွက် တွန်းအား ဖြစ်လာအောင် လုပ်ဆောင်ရပါမယ်။”

“ဒီလို အခြေအနေမျိုးကို ကျွန်တော် လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ကြုံခဲ့ပြီးပါပြီ။ ကျွန်တော်ရဲ့ မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက်နှစ်တုန်းက တက်နိုင်သလောက် စွမ်းဆောင်နိုင်ခဲ့တယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် ဒုတိယရာသီမှာကျတော့ ကျွန်တော် ပွဲတော်တော်များများ ကစားလာရတယ်။ ပထမရာသီထက် ပိုကောင်းလာအောင် ကျွန်တော် သေချာပေါက် လုပ်ဆောင်ချင်လာခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း ကျွန်တော် ဒီလို ပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဂရီးလစ်ရှ်က ဖွင့်ဟလိုက်ပါတယ်။

Exit mobile version