ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ ပူပူနွေးနွေး ကစားသမားသစ် ဂျက် ဂရီးလစ်ရှ်ကတော့ သူ့ရဲ့ အသင်းဖော်သစ် ဒီဘရိုင်းဟာ မက်ဆီနဲ့ ရိုနယ်ဒိုပြီးရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါလို့ ချီးကျူးလိုက်ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂရီးလစ်ရှ်ဟာ ကြံ့ခိုင်မှု အားကောင်းသလို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: The Times

ဒါကြောင့်လည်း မန်ချက်စတာ စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၀သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်သလို ဂရီးလစ်ရှ်ကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ်လည်း ချုပ်ဆိုခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ဂရီးလစ်ရှ်ဟာ ဒီဘရိုင်းနဲ့အတူ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက် ကစားခွင့် ရမယ်လို့ သိရပြီး ဒီဘရိုင်းကလည်း ဂရီးလစ်ရှ်ကို မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့လာဖို့ အဓိက တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။

Photo Credit: The Times

လက်ရှိမှာတော့ ဒီဘရိုင်းနဲ့ ဂရီးလစ်ရှ်တို့ရဲ့ ကွင်းလယ် အတွဲအဖက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှု အကောင်းဆုံး ကွင်းလယ်အတွဲ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး ဂရီးလစ်ရှ်ကတော့ သူ့ရဲ့ မန်ချက်စတာ စီးတီးအသင်း ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာပဲ ဒီဘရိုင်းဟာ ကမ္ဘာ့ထိပ်တန်း ကွင်းလယ်လူ ဖြစ်ကြောင်း ချီးကျူးသွားပါတယ်။

ဒီဘရိုင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ဂရီးလစ်ရှ်က – “ ကျွန်တော် သူနဲ့ အကြိမ်ရေ အနည်းငယ် စကားကောင်းကောင်း ပြောခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပါပဲ။ မက်ဆီနဲ့ ရိုနယ်ဒိုကို ဖယ်လိုက်ရင် သူက အကောင်းဆုံး ကစားသမား တဦးပါ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။