လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာ အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသ နိုင်ခဲ့ကာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်လည်း အားထားရတဲ့ ကစားသမား အဖြစ် ရှုမြင်ခြင်း ခံနေရတဲ့ ကွင်းလယ်လူ ဂရီးလစ်ချ် ကတော့ သူ့ရဲ့ နိုင်ငံ အသင်းဖော်တေွ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ စတာလင်းတို့နဲ့ အနာဂတ်မှာ တွဲဖက်ကာ ကစားချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၅နှစ်အရွယ် အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား ဂရီးလစ်ချ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာ အသင်းကို တန်းမဆင်းရအောင် အကောင်းဆုံး ကြိုးစားပေးနိုင်ခဲ့သလို လက်ရှိ ဘောလုံးရာသီမှာလည်း တန်ဆင်းဇုန်နဲ့ ဝေးကွာတဲ့ နေရာ တစ်နေရာမှာ ရောက်ရှိအောင် ဦးဆောင် ပေးထားသူပါ။

Photo Credit: Express

ဂရီးလစ်ချ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သူ ဖြစ်ပေမယ့် အက်စ်တွန်ဗီလာ အသင်းဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းနီးပါး အလိုရှိခဲ့တာကြောင့် မန်ယူအသင်းဟာ သူ့ကို ခေါ်ယူဖို့ လက်လျှော့ခဲ့တာပါ။ ဒါပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ ဂရီးလစ်ချ်ဟာ အကောင်းဆုံး ခြေစွမ်းတွေကို ရရှိထားတာကြောင့် မန်ယူအသင်း သာမက မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့ပါတယ်။ ဂရီးလစ်ချ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဗီလာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားပြီး ၅ဂိုး သွင်းယူ ပေးထားကာ ၆ဂိုးအထိ ဖန်တီး ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Express

သူ့ကို ခေါ်ယူဖို့ ထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားလာချိန် မှာတော့ ဂရီးလစ်ချ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အရိပ်အမြွက် ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာပြီး သူဟာ နိုင်ငံ လက်ရွေးစင် အသင်းဖော် နှစ်ဦး ဖြစ်တဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်နဲ့ မန်စီးတီး အသင်းရဲ့ တောင်ပံ ကစားသမား စတာလင်း တို့နဲ့ အနာဂတ်မှာ တွဲဖက် ကစားချင်ကြောင်း ဆိုလာပါတယ်။ ဂရီးလစ်ချ်က “ အင်္ဂလန်အသင်းရဲ့ ကစားသမားတွေ အားလုံးက ကမ္ဘာ့အဆင့် ကစားသမားတွေချည်းပါပဲ။ အထူးသဖြင့် ဒီနေ့ ဒီနေရာမှာ မရှိတဲ့ ကစားသမား နှစ်ယောက်ပေါ့။ (ရက်ဖို့ဒ်နဲ့ စတာလင်းကို ဆိုလိုလျက်) ကျွန်တော် သူတို့နဲ့ လေ့ကျင့်မှု ပြုလုပ်တိုင်း အမြဲတမ်း လေ့လာစရာ တစ်ခု ရရှိပါတယ်။ ပြီးတော့ သူတို့တွေနဲ့ တစ်နေ့မှာ အတူ တွဲဖက် ကစားခွင့် ရဖို့က ကျွန်တော့်ရဲ့ အိမ်မက်ပါ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။