ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ် ၊ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဂရီးလစ်ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချပြီးသွားပြီလို့ အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၄နှစ်အရွယ် စွယ်စုံရ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဂရီးလစ် ဟာ ကွင်းလယ်တိုက်စစ် ၊ ညာတောင်ပံ ၊ ဘယ်တောင်ပံ စတဲ့ နေရာတွေမှာ ဆော့ကစား နိုင်သူ တစ်ဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့အတွက် လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းက စိတ်ဝင်စားနေပြီး သူဟာလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီလို့ ဂရီးလစ်နဲ့ နီးစပ် တဲ့ သတင်းထောက်တွေက ပြောကြား လိုက်ပါတယ်။

Photo Credit: Express

အသက်၂၄နှစ်အရွယ် ဂရီးလစ်ဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် အက်စ်တွန်ဗီလာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ကစားထားရာမှာ ၉ဂိုး သွင်းယူထားနိုင်ကာ ၈ဂိုးအထိ ဖန်တီး ပေးထားနိုင်သူ ဖြစ်ပြီး မန်ယူအသင်းနဲ့ တွေ့ဆုံခဲ့စဉ် မှာလည်း မန်ယူအသင်းဘက်ကို လှပတဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သူပါ။ မန်ချက်စတာမြို့ အခြေစိုက် သတင်းတွေရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ ဂရီးလစ်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းနဲ့ ဂရီးလစ်ဟာ လက်ရှိ ဘောလုံး ရာသီ ကုန်ဆုံးသွားချိန်အထိ အက်စ်တွန်ဗီလာ အသင်းကို ပရီးမီးယားလိဂ် ကနေ တန်းမဆင်း ရစေရေးအတွက် အစွမ်းကုန် ကြိုးစားပေးသွားမှာ ဖြစ်ကာ နွေရာသီ အပြောင်းအရွှေ့မှာတော့ မန်ယူအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

Photo Credit: Express

အက်စ်တွန်ဗီလာအသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းအပေါ် အတည်ပြု ပေးထားကြပြီး အက်စ်တွန်ဗီလာအသင်းဟာ သူတို့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂရီးလစ် ရဲ့ ဆုံးဖြတ်ချက်ကို အပြစ်မယူကြောင်းနဲ့ မန်ယူ အသင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့ သဘောတူညီထားပေမယ့် ဂရီးလစ်အတွက် ဗီလာအသင်း ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးဟာ မြင်မားနေတာကြောင့် မန်ယူအသင်းဘက်က အနည်းငယ် ခက်ခဲနိုင်တယ်လို့ အပြောင်းအရွှေ့ သုတေသီတွေက သုံးသပ်ထားကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဗီလာ အသင်းဟာ ဂရီးလစ်အတွက် မန်ယူအသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်း ဝန်းကျင် ကို အလိုရှိနေကြောင်း သိရကာ မန်ယူအသင်း ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒမရှိပဲ ဂရီးလစ်အတွက် သူတို့ သတ်မှတ် ထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ ပေါင် ၅၀ သန်းဝန်းကျင်သာ ရှိတာကြောင့် မန်ယူအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေးအတွက် အတော်လေးကို ညှိနှိုင်းရဖွယ် ရှိနေပါသေးတယ်။