အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ကတော့ မနေ့ညက ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဗီလာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်ပီသစွာနဲ့ အသင်းကို အဖိုးတန်နိုင်ပွဲတစ်ပွဲရအောင် ဦးဆောင်ကစားနိုင်ခဲ့တာကြောင့် တစ်လုံးတည်းသောဂိုးကို သွင်းယူခဲ့သူ ထရာဇီဂေးကိုကျော်လွန်ပြီး ဂရီးလစ်က တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

Photo Credit : Football365

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ဘောလုံးပေးပို့မှု (၈၇)%အထိ တိကျခဲ့သလို အခွင့်အရေးဖန်တီးမှုအပိုင်းမှာလည်း (၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး တစ်ပွဲလုံးမှာလည်းလည်း လိမ်ခေါက်မှုနဲ့ ဘောလုံးကျော်ဖြတ်မှု အများဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ (၁၄)ပွဲဆက်တိုက် အသင်းအတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေကို မလုပ်ဆောင်ထားနိုင်ပေမယ့်လည်း အသင်းကို အကောင်းမောင်းဆုံးနှင်နေသူအဖြစ်နဲ့တော့ ပွဲတိုင်းမှာ ခြေစွမ်းပြသထားပြီး ဗီလာကိုလည်း ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရစ်နေအောင် အကောင်းဆုံးကြိုးစားနေပါလျက် ရှိပါတယ်။

Photo Credit : Goal

အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ပွဲအပြီး အင်တာဗျူးအစီအစဉ်မှာတော့ အင်တာဗျူးသူက ဒီပွဲဟာ ဗီလာပတ်ကွင်းမှာ ဗီလာအသင်းအတွက် နောက်ဆုံးကစားပေးတဲ့ပွဲ ဖြေနိုင်မလားလို့ မေးမြန်းလာခဲ့ရာ ဂရီးလစ်က “ဒီအချိန်မှာတော့ ကျွန်တော့်ဘက်က ဘာမှမသေချာသေးပါဘူး။ ကျွန်တော့်မှာ ရည်ရွှယ်ချက်တစ်ခုပဲ ရှိနေတယ်။ အဲ့ဒါက ဗီလာအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ဆက်လက်ရှိနေနိုင်ဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်တော်စဉ်းစားတွေးတောကလည်း ဒီအကြောင်းပဲရှိပါတယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။ ဂရီးလစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်ထားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ လာမယ့်စျေးကွက်အတွင်းမှာလည်း အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိနေသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ သူရဲ့အနာဂတ်အကြောင်းအရာတွေထက် သူ့အသင်းဖြစ်တဲ့ အက်စတွန်ဗီလာအသင်း တန်းမဆင်းရရေးကသာ ပိုမိုအရေးကြီးလို့နေပါတယ်။ ဗီလာဟာ အာဆင်နယ်ကို အနိုင်ရလိုက်တဲ့အတွက် ဝက်ဖိုဒ့်အသင်းနဲ့ ရမှတ်တူဂိုးကွားခြားချက်အသာနဲ့ အဆင့်(၁၇)နေရာကို တတ်လှမ်းသွားခဲ့သလို ရာသီနောက်ဆုံးပွဲမှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ထားတဲ့ ဝက်စ်ဟမ်းနဲ့ ဆုံတွေ့ရမှာဖြစ်လို့ ဗီလာအတွက် ပရီးမီးယားလိဂ်မှာ ကျန်ရစ်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။