ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ဘောလုံးကျွမ်းကျင်သူတွေတောင် ခန့်မှန်းယူဆထားခြင်းမရှိပဲ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေ များစွာရှိနေကြသလို ဒီကစားသမားတွေထဲကမှ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်နဲ့ ဝုလ်ဗ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အဒမ်မာထရာအိုရေးတို့ကတော့ သူတို့ရဲ့ခြေစွမ်းကောင်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအပါအဝင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို ဥရောပရဲ့ထိပ်သီးအသင်းတွေကပါ စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The US Post

ဒီရာသီမှ ပရီးမီးယားလိဂ်ကို ပြန်လည်တတ်လှမ်းခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ကတော့ အသက်၂၄နှစ်သာရှိသေးပြီး သူရဲ့ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ သွင်းဂိုးရဂုုိးနဲ့ ဂိုးဖန်တီးမှု၅ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် မန်ချက်စတာအသင်းနှစ်သင်းရဲ့ အပြိုင်စိတ်ဝင်စားမှုကို ရရှိလာတဲ့အပြင် လက်ရှိမှာတော့ စပိန်လာလီဂါရဲ့ အင်အားအကြီးမားဆုံး အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကပါ အပြိုင်ပစ်မှတ်ထားလာခဲ့ကာ ဂရီးလစ်ကိုယ်တိုင်ကလည်း လာမယ့်ဘောလုံးရာသီမှာတော့ ဗီလာကို စွန့်ခွာသွားဖို့ သေချာသလောက်ကို ရှိလို့နေပါတယ်။

Photo Credit : Daily Express

နောက်ထပ် ရီးရဲလ်နဲ့ ဘာစီလိုနာအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလို့နေသူကတော့ ဝုလ်ဗ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ထရာအိုရေးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး မထင်မရှား ကစားသမားလေးတစ်ယောက်အဖြစ် ကျင်လည်နေရတဲ့ ထရာအိုရေးဟာ မနှစ်ကမှ မစ်သယ်ဘရော့အသင်းကနေ ဝုလ်ဗ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ကာ ဒီရာသီမှာပဲ သူရဲ့အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပြသလာနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းခိုင်မာပြီး ပြေးအားရော ကန်ချက်တွေပါ ကောင်းလွန်းတဲ့ ထရာအိုရေးကို အသင်းဟောင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က အထူးစိတ်ဝင်စားနေပြီး ထရာအိုရေးကလည်း လာလီဂါကို ပြန်လည်သွားချင်နေပါတယ်။