ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အက်စတွန်ဗီလာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင်သန်းတစ်ရာနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ရှ်က သူအနေနဲ့ လက်ရှိအချိန်ထိ မန်စီးတီးအသင်းနဲ့ အပြည့်အဝ လိုက်လျောညီထွေမှု ရှိမနေသေးပဲ လာမယ့် ဘောလုံးရာသီမှ ပိုမိုအဆင်ပြေလာနိုင်ဖွယ် ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်အားသန် ကွင်းလယ်နဲ့ တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ဗီလာအသင်းနဲ့ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဗီလာအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့လို့ အသင်းခေါင်းဆောင် တာဝန်အဖြစ်နဲ့ပါ တာဝန်ပေးခံခဲ့ရသလို အင်္ဂလန်အသင်းမှာပါ ရွေးချယ်ခံလာခဲ့ရပါတယ်။ လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် ဆင်နွဲခဲ့ရတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာပါ အသင်းနဲ့ ဒုတိယနေရာထိ ရယူနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ယူရိုပြိုင်ပွဲအပြီး နွေစျေးကွက်အတွင်းမှာပဲ သူရဲ့ဗီလာအသင်းကနေ မန်စီးတီးအသင်းဆီကို ပေါင်သန်းတစ်ရာနဲ့ ပြောင်းရွှေ့ခဲ့ကာ သူရဲ့ကစားသမားဘဝကို မြင့်တင်နိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

သူရဲ့ မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီနဲ့ပတ်သက်ပြီး ဂရီးလစ်ရှ်က “ကျွန်တော်အနေနဲ့ အသင်းအတွက် လုပ်ပေးစရာတွေ များစွာ ကျန်သေးနေပေမယ့် အခုထိကတော့ အဆင်ပြေနေပါတယ်။ ဒီမှာ လိုက်လျောညီထွေ ဖြစ်နေဖို့ကတော့ ကျွန်တော် တွေးထင်ထားတာထက် ပိုပြီးတော့ ခက်ခဲနေပါတယ်။ ကျွန်တော် သင်ယူမှုတွေ ပြုလုပ်နေပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေတုန်းပါပဲ။ တချို့လူတွေကတော့ ဒီမှာ လိုက်လျောညီထွေ ဖြစ်နေအောင် တစ်နှစ်လောက် အချိန်ယူရတယ်လို့ ကြားသိရတဲ့အတွက် ဒါက ကျွန်တော့်အတွက်လည်း အတူတူပဲ ဖြစ်နိုင်ပါတယ်။ လာမယ့်နှစ်မှာတော့ ဒီထက်ပိုပြီး ဂိုးတွေ သွင်းယူသွားလို့ရအောင် လုပ်ဆောင်သွားချင်ပါတယ်။ ဒီနေရာမှာက ကွင်းအတွင်းရော ကွင်းအပြင်မှာပါ အဆင့်အတန်း မြင့်မားလွန်းနေတာက တကယ့်ကို ရူးချင်စရာပါ။ ဒါက မယုံကြည်နိုင်လောက်စရာ ကောင်းနေရပြီး ဒါတွေကြောင့်လည်း သူတို့က နှစ်များစွာ အောင်မြင်မှုတွေကို ရယူလာနိုင်ရတာ။ ပေါင်သန်းတစ်ရာ တန်ကြေးရှိနေခြင်းကနေ လူတွေက ဒီတန်ကြေးနဲ့ ထိုက်တန်ရဲ့လား သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကရော ဘယ်မှာလဲဆိုတာတွေ မေးခွန်းထုတ်လာကြတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော် အခွင့်အရေး တစ်ခုအနေနဲ့ပါ မြင်ရပါမယ်။ ကလပ်အသင်းဘက်က ကျွန်တော့်အတွက် ငွေကြေးများစွာ သုံးစွဲထားတဲ့အပေါ် ကျွန်တော်ကလည်း သွင်းဂိုးတွေနဲ့ ဆုဖလား အောင်မြင်မှုတွေနဲ့ အကောင်းဆုံး ပြန်ပေးဆပ်သွားပါမယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။