MySport Myanmar

အေဂျက်ကြယ်ပွင့် ဂါရာဗန်ဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်

ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့ အတူ တောက်ပနေတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဂါရာဗန်ဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ် နယ်သာလန် လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် ဂါရာဗန်ဘက်ဟာ အေဂျက်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး စီနီယာအသင်း အတွက် ၂၀၁၉ခုနှစ်မှ စတင်ကာ ကစားခွင့် ရထားသူပါ။

Photo Credit: Standard

ဂါရာဗန်ဘက်ဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး အေဂျက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဘောလုံးအရည်အသွေး ကောင်းမွန်သလို ကြံ့ခိုင်မှုကလည်း အတော်လေးကို အားကောင်းပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှ စတင်ကာ အသင်းကို သွေးသစ်လောင်းဖို့ စဉ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်က ဂါရာဗန်ဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဂါရာဗန်ဘက်ကို စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: Standard

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် အတော်လေး ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဘိုင်ယန်မြူးနစ်ဟာ ဂါရာဗန်ဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြု ပေးခဲ့ပြီး ဂါရာဗန်ဘက်က အေဂျက်ကနေ ထွက်ခွာခဲ့ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ဖွယ် ရှိကြောင်းလည်း ဆိုပါတယ်။

ဂါရာဗန်ဘက်ဟာ အေဂျက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေရာသေးပဲ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး အေဂျက်ကတော့ ဂါရာဗန်ဘက် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း အေဂျက်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

Exit mobile version